လက်တလော ချထားပေးမည့် ကျပ်နှစ်သိန်းတန် GSM ဖုန်းများကို အင်တာနက်လိုင်း ပါဝင်မည် မဟုတ်ဘဲ အင်တာနက်လိုင်း လျှောက်ထားခွင့်ကို ထပ်မံ ကြေညာမည် ဖြစ်ကြောင်း ၂၈-၃-၂ဝ၁၂ ရက်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “အခု ချထားပေးမယ့် ကျပ်နှစ်သိန်းတန် GSM ဖုန်းတွေမှာ အင်တာနက်က တစ်ခါတည်း မပါသေးဘူး၊ ဘယ်ဖုန်းမှာမှ အင်တာနက်က တစ်ခါတည်း ပါတာ မဟုတ်ဘူး။ အင်တာနက် သုံးစွဲခွင့်ကို ထပ်လျှောက်မှ သုံးလို့ရတာ၊ အခု လောလောဆယ်တော့ အင်တာနက် သုံးစွဲခွင့်တွေကို ခေတ္တ ရပ်ဆိုင်းထားတယ်၊ လက်ရှိ ချထားပေးမယ့် ကျပ်နှစ်သိန်းတန် GSM ဖုန်းတွေအတွက် အင်တာနက်လိုင်း သုံးစွဲခွင့်ကို ထပ်ပြီး ကြေညာသွားမှာပါ။ WCDMA ဖုန်းမှာတော့ အင်တာနက် သုံးစွဲခွင့်ပေးဖို့ စီစဉ်ထားတယ်။ ကျန်တဲ့ ကျပ်ငါးသိန်းတန် GSM ဖုန်းတို့၊ အရင်က အင်တာနက် သုံးစွဲခွင့်ရခဲ့တဲ့ ဖုန်းတွေကိုတော့ အင်တာနက် သုံးစွဲခွင့်တွေ ပြန်ချပေးရင် သုံးခွင့်ပေးသွားမှာပါ” ဟု ယင်းက ပြောကြားသည်။
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800၊ ကျပ် ၁၅ သိန်း ငါးသောင်းတန် ဂျီအက်အမ်ဖုန်းများနှင့် ကျပ်ငါးသိန်းတန် ဂျီအက်အမ်ဖုန်းများတွင် အင်တာနက် သုံးစွဲခွင့်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့၌ ဧပြီလ ၉ ရက်တွင် GSM မိုဘိုင်းဖုန်းများ စတင် ရောင်းချမည်ဖြစ်ပြီး WCDMA ဖုန်းများကို ဧပြီလ ၂၃ ရက်တွင် စတင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် GSM/ UMTS network အား ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ Transmission လမ်းကြောင်းများနှင့် Gateway များ တိုးချဲ့ ဆောင်ရွက်ခြင်း လုပ်ငန်းများ ပြီးစီးမည့် ၂၀၁၂ ခုနှစ်၊ မေလပထမပတ်တွင် နေရာဒေသမရွေး၊ မိုဘိုင်းဖုန်းများ ယူဆောင်ဆက်သွယ် ပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အင်တာနက် လုံလုံလောက်လောက် သုံးစွဲနိုင်ရန်အတွက် စက်ပစ္စည်းများ စတင် ငှားရမ်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။