တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ အင်မတန် အကြောက်ကြီးသော အမတန် လန့်တတ်သော ဒေါ်သတ္တိဟု အမည်ရသော အမျိုးသမီးကြီး တစ်ဦးသည် ကျွန်ုပ်အား အော်ကြီးဟစ်ကျယ် နှုတ်ဆက်ကာ ၀င်ရောက်လာလေ၏။
ဒေါ်သတ္တိကြီး ရောက်ရှိလာပြီး မရှေးမနှောင်းမှာပင် အသက်အရွယ်အားဖြင့် ၃၅-နှစ်ခန့်ရှိသော ခေတ်ဆန်ဆန် အမျိုးသမီးတစ်ဦးသည် အင်မတန် ချစ်ခင် နှစ်သက်ဖွယ်ရှိသော အသက်လေးနှစ်အရွယ် ကလေးမကလေး တစ်ဦးကို လက်ဆွဲကာ ၀င်ရောက်လာလေ၏။ ထိုအမျိုးသမီးကို ကျွန်ုပ်သည် ကောင်းစွာသိ၏။ ကျွန်ုပ်နှင့်လည်း လွန်စွာရင်းနှီး၏။ သူမသည် လက်ရှိ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာပြည်သားထဲတွင် အတော်ပင် အောင်မြင်မှု့ ရနေသော မြန်မာလူမျိုး အမျိုးသမီး တစ်ဦးလည်း ဖြစ်လေ၏။ သူမသည် အတော်လည်း အလုပ်ကို စုံနေအောင် လုပ်သူဖြစ်၏။ လက်ရှိအနေနှင့် မြန်မာဈေးရောင်း၏။ ဤနေရာတွင် သူမ၏ ဈေးရောင်းပုံ ရောင်းနည်းကို အနည်းငယ် ပြောပြလိုပေသည်။ ဤနေရာတွင် သူမ၏အမည်အား မခရေဟု အမည်ပေးကြပါစို့...။
မခရေ၏ ဈေးဆိုင်တွင် ၀ယ်ယူအားပေးကြသူများ အားလုံးလိုလိုမှာ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများ ဖြစ်ကြ၏။ ထိုရွေ့ပြောင်းအလုပ်သမားများသည် တစ်လလျှင် နှစ်ကြိမ် လုပ်အားခ ထုပ်ယူရ၏။ ဥပမာအားဖြင့် ၁၅ ရက်နေ့နှင့် လကုန်ရက်တွင် လုပ်အားခ ထွက်သည် ဆိုကြပါစို့။ ၁၅ ရက်နေ့တွင် ၎င်းတို့၏ ငွေထုပ်ကဒ်( အေတီအမ်)ကဒ်ထဲသို့ အော်တို အလိုလို ၀င်ရောက်လာလေ၏။ အလုပ်ရုံတွင် မိမိတို့ လုပ်အားခကို တန်းစီပြီး ထုပ်ယူစရာ မလိုပေ။ လုပ်အားခ ပိုက်ဆံများ အေတီအမ်ကဒ်ထဲသို့ မ၀င်ခင်တစ်ရက်တွင် ဘိုင်စလစ်ဟု ခေါ်သော မြန်မာအလို ပြေစာစာရွက်လေး ရလေ၏။ ထိုပြေစာစာရွက်လေးထဲတွင် အလုပ်သမားတစ်ဦး၏ အလုပ်ဆင်းရက် ဘယ်နှစ်ရက် ၊ အလုပ်ချိန် ဘယ်နှစ်နာရီ ၊ အိုဗာတိုင်က နာရီဘယ်နှစ်နာရီ ၀င်ငွေပေါင်း ဘယ်လောက် ၊ အိပ်ရေးပျက်ခအတွက် ဘယ်လောက် ၊ စသည်ဖြင့် ပြည့်ပြည့်စုံစုံ ပါလေ၏။
ထိုပြေစာ စာရွက်ကလေးထဲတွင် ပါသော အချက်အလက်များ တစ်စုံတစ်ရာ မှားယွင်းနေပါက ၀ဏ္ဏဟုခေါ်သော အလုပ်သမားခေါင်းဆောင်ထံတွင် သွားရောက်တင်ပြရ၏။ နောက်တစ်ရွက်တွင် မိမိတို့၏ ငွေထုပ်ကဒ်အတွင်းသို့ ပြေစာစာရွက်ထဲတွင် ပါသော ငွေစာရင်းအတိုင်း မိမိတို့၏ လုပ်အားခငွေများ ၀င်ရောက်လာလေ၏။ ကျွန်ုပ်အနေနှင့် ဤနေရာတွင် ပြောပြလိုသည်မှာ အေတီအမ်ကဒ်အကြောင်း မဟုတ်ဘဲ ထိုင်းနိုင်ငံရောက် မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားများ၏ တစ်လလျှင် နှစ်ကြိမ် လုပ်အားခ ရခြင်းအကြောင်းကို ဖော်ပြပေးလိုခြင်း ဖြစ်ပါသည်။
မခရေသည် သူမ၏ ဈေးဆိုင်တွင် လာရောက်ဝယ်ယူကြသူများကို တစ်ယောက်လျှင် စာအုပ်လေးတစ်အုပ် လုပ်ပေးထားလေ၏။ သူမ၏ ဈေးဆိုင်တွင် နေ့စဉ် ဈေးယ်လာတိုင်း ထိုစာအုပ်ကလေးကို ယူလာရလေ၏။ ထို့နောက် ဈေးဝယ်သူများက မိမိတို့ အလိုရှိရာကို ယူ၍ သူမ၏ ရှေ့တွင် ချထားပေးရ၏။ သူမက စာရင်းစာအုပ်လေးတွင် ရေးပေး၏။ ထို့အတူ သူမတွင်လည်း လက်ခံစာအုပ်လေး တစ်အုပ်ထားရှိကာ ထိုစာရင်းစာအုပ်ကလေးတွင်လည်း ၀ယ်ယူသော ပစ္စည်းများ ငွေစာရင်းများကိုလည်း ရေးမှတ်လေ၏။ ထိုကဲ့သို့ နေ့စဉ်ရောင်းချနေသည်မှာ အကြွေးဖြင့်သာ ရောင်းချခြင်း ဖြစ်၍ လစဉ် အလုပ်သမား ငွေထုပ်သော နေ့ရက်ကို ရောက်မှ သူမသည် ဈေးကြွေးများကို ပြန်လည်ရရှိခြင်း ဖြစ်လေ၏။ ထိုကဲ့သို့ မခရေဆိုသော မြန်မာအမျိုးသမီး၏ ဈေုးဆိုင်တွင် ဈေးဝယ်ကြသော မြန်မာလူမျိုးများ သည်လည်း အလွန် အဆင်ပြေကြ၍ စိတ်ချမ်းသာခြင်းသို့ ရရှိကြကုန်၏။ ကွယ်ရာတွင်လည်း မခရေ၏ ကောင်းသတင်း စေတနာသတင်းကို သာ ပြောကြကုန်၏။ သူမသည် အမည်နာမနှင့် လိုက်အောင်ပင် ခရေရနံ့ကဲ့သို့ မွှေးပြန့်လှ၏။ ယခုလည်း မခရေသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ သူမ၏ သမီးကလေးကို လက်တွင်စွဲကာ ရောက်ရှိလာလေတော့၏။
ကျွန်ုပ်သည်လည်း မခရေကို မြင်လိုက်ရသည်နှင့် တပြိုင်နက် အလွန်အင်မတန် ၀မ်းသာအားရ ဖြစ်သော လေသံမျိုးဖြင့် ထ၍ ကြိုဆိုလိုက်၏။ ထို့နောက် မခရေအား ထိုင်ခိုင်းပြီးလျှင် ကျွန်ုပ်၏ တပည့်လေးတစ်ဦးအား လှမ်းခေါ်ကာ အောက်ဖက်ဈေးဆိုင်သို့ သွားကာ မခရေအတွက် အအေးများ သူမ၏ သမီးကလေးအတွက် မုန့်များကို ၀ယ်ယူခိုင်းပြီးလျှင် မခရေတို့ သားအမိအား ချ၍ ဧည့်ခံ၏။ ကျွန်ုပ်၏ တပည့်ကလေး ၀ယ်ယူလာသော မုန်းများကိုလည်း မခရေ၏ သမီးကလေးက တို့၍ပင် မကြည့်၊ မခရေသည်လည်း ကျွန်ုပ်ချတိုက်သော အအေးကို အနည်းငယ်မျှလောက်သာ သောက်သည် ဆိုယုံမျှကလေး သောက်လေတော့၏။ ကျွန်ုပ်ကလည်း မခရေတို့သားအမိကို ဂရုတစိုက်ကြည့်ကာ နေကောင်းကြရဲ့လား၊ အမျိုးသားကော အဆင်ပြေရဲ့လား၊ ဘာအခက်အခဲ ရှိလဲ၊ ဘာကူညီပေးရမလဲ စသည်ဖြင့် ရေပက်မ၀င် ဧည့်ဝတ်ပြုလေ၏။ မခရေက ထွေထွေထူးထူး အကြောင်းကိစ္စ ရှိလို့ရယ်လို့တော့ မဟုတ်ပါဘူး ဆရာရယ်။ ဆရာ့အခန်းက ဘုရားပွဲတွေ မှည့်နေပြီလားလို့ လာဝင်ကြည့်တာပါ။ ဈေးထဲမှာလည်း ငှက်ပျောသီးချောချောတွေ တွေ့တယ်ဆိုတော့ တကယ်လို့ ပွဲတွေ မှည့်ပျော်နေရင် တစ်ခါတည်း လဲပေးခဲ့မလို့ပါဟု မခရေက ပြောလေ၏။ ထိုအခါ ကျွန်ုပ်က မနေ့ကမှ ပွဲများကို လဲလိုက်ပြီဆိုသည့်အကြောင်း လောလောဆယ်တော့ မလိုသေးကြောင်း ပြောပြလိုက်လေ၏။ မခရေလည်း ကျွန်ုပ်ကော်ဖီ သောက်လျှင် ရေနွေးအိုး လွယ်လွယ်တည်ရန်အတွက်ဟု ဆိုက လျှပ်စစ်ဓာတ်ဗူးတစ်လုံးကို ၀ယ်လာကြောင်းဟုဆိုက ဓာတ်ဗူးတစ်လုံး ကန်တော့၍ ကျွန်ုပ်အား နှုတ်ဆက်ကာ ပြန်သွားလေတော့၏
ကျွန်ုပ်သည် မခရေအား ပြာတိပြာယာနိုင်စွာဖြင့် ဧည့်ဝတ်ပြုနေသည်ကို အခန်းထောင့်တစ်နေရာမှ ဒေါ်သတ္တိကြီးသည် မသိမသာ လှမ်း၍ကြည့်ရင်း အကဲခတ်နေ၏။ ထို့နောက် မည်သို့ အတွေးပေါက်သွားသည် မသိ။ သူမ၏ ခေါင်းကို တဆတ်ဆတ် ညိတ်နေလေတော့၏။ ထိုအချိန်တွင်ပင် ကျွန်ုပ်၏ အခန်းတွင်းသို့ အသက်၄၀ ကျော်ခန့်ရှိသော ဒေါ်ခင်မေဟု အမည်ရသော အမျိုးသမီးတစ်ဦးလည်း ၀င်ရောက်လာပြန်လေ၏။ ထိုအမျိုးသမီးကြီးကိုလည်း ကျွနုပ်သည် ကောင်းစွာ သိနှင့်၏။ ရင်းနှီး၏။ သို့သော် သူမသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားများ အားလုံးထဲတွင် အတော်ပင် အဆင်မပြေ ဖြစ်နေသော သူတစ်ဦးလည်း ဖြစ်လေ၏။ သားသမီးများကို ထိုင်းနိုင်ငံသို့ သူတစ်ပါးထံမှ အတိုးများနှင့် ငွေချေးကာ အလုပ်မကောင်းသောကြောင့် အလုပ်တစ်ခုမှ တစ်ခုကို ပြောင်းရင်း အတိုးပေါ်အတိုးဆင့် အဆင်မပြေ ဖြစ်နေသူ ဖြစ်လေ၏။ ကျွန်ုပ်လည်း ၎င်းအမျိုးသမီးကြီးကို မြင်လိုက်ရသော အချိန်တွင် အင်း ... ဒေါ်ခင်မေကြီးတော့ ဘာတွေ အခက်အခဲ ကြုံလာပြန်ပြီလဲ မဆိုနိုင်ဘူး။ သူ့ခမျာလည်း အဆင်ကို မပြေနိုင်ဘူးဟု တွေးကာ ဒေါ်ခင်မေကြီးမေးသော အခက်အခဲများအတွက် ယတြာများကို ညွန်ပြပေးလိုက်လေ၏။ ဒေါ်ခင်မေကြီးလည်း ကျွန်ုပ်အား ကျေးဇူးတင်စကားများကို အကြိမ်ကြိမ်ပြောဆိုကာ နောက် ... အဆင်ပြေမှ ဆရာလေးကို လာပြီး ကျေးဇူးဆပ်ပါမယ်ဟု နှုတ်ဆက်ကာ ပြန်သွားလေတော့၏။
ထိုအချိန်တွင် အခန်းထောင့်တွင် တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်နေသော ဒေါ်သတ္တိကြီးက ကျွန်ုပ်အား အောက်ပါအတိုင်း လှမ်း၍ ပြောလိုက်လေတော့၏။
ဘယ်လိုလည်း မောင်ဟိန်းတင့်ဇော်ရဲ့။ မင်းကို ဒီနေရာကနေ လှမ်းပြီး အကဲခတ်နေတာ ။ စောစောလေးက ၀င်လာတဲ့ မခရေဆိုတဲ့ အမျိုးသမီးကို မင်းဆက်ဆံတဲ့ ပုံစံကြတော့ လှိုက်လှိုက်လှဲလှဲကြီး ဖြစ်နေတယ်။ ဧည့်ဝတ်ပြုလိုက်တာကလည်း ဟိုက မသောက်ပါဘူး ၊ နေပါလို့ ပြောပြီး တားနေတာတောင် မင်းက အတင်းကြီး အအေးတွေ ၀ယ်ပြီးတိုက်လိုက်သေးတယ်။ ဟိုကလည်း မင်းဝယ်တိုက်တဲ့ အအေးတွေကို တို့ယုံလေး တို့ကြည့်တာပါ။ ကုန်အောင်တောင် သောက်မသွားဘူး။ အဲဒီတုန်းကတော့ ငါ့စိတ်ထဲမှာ တွေးလိုက်မိတာက အော် မင်းနဲ့ တော်တော်လေး ရင်းနှီးတဲ့သူ ဖြစ်နေလို့လို့ ထင်လိုက်မိတာ။ ဟော နောက်တစ်ယောက် ၀င်လာတယ်။ သူမ ကိုကြတော့ မင်းဆက်ဆံတာက တစ်မျိုးဖြစ်နေတယ်။ နောက်ဝင်လာတဲ့ တစ်ယောက်ကလည်း ကြည့်ရတာ မင်းနဲ့ တော်တော်လေး ရင်းနှီးပုံရပါတယ်။ ဒါပေမယ့် သူ့ကို မင်းဆက်ဆံတာကြတော့ နည်းနည်းလေး အလုပ်သဘော ဆန်နေတယ်။ အဲဒါ ဘာဖြစ်လို့လဲဟု ကျွန်ုပ်အား လှမ်း၍ မေးလေ၏။ ထိုအခါ ကျွန်ုပ်က
အော် .... အဲဒါလား။ မခရေကို ဆက်ဆံတဲ့ပုံလိုမျိုး လူတိုင်းကို ဆက်ဆံလို့ ဘယ်ရပါ့မလဲ ဒေါ်သတ္တိရယ်။ မခရေလို အမျိုးသမီးက ကျွန်တော့်အတွက် အားကိုးရတယ်လေ။ အခုလည်း ကြည့်ပါဦး။ ပွဲတွေလဲဖို့ ၀င်လာတာတဲ့။ နောက်ပြီး လာတော့လဲ လက်ချဉ်းသက်သက် လာတာ မဟုတ်ဘူးလေ။ ကျုပ်အတွက် လျှပ်စစ်ဓာတ်ဗူး အကောင်းစား တစ်လုံးတောင် ၀ယ်လာပြီး ကန်တော့သေးတယ်။ အဲဒီလို မခရေလိုလူမျိုးကြတော့ တစ်မျိုး ဆက်ဆံရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်အတွက် သူမက အကူအညီ ပေးနိုင်တယ်လေ။ အားကိုးလို့ ရတယ်။ ဒါကြောင့် သူမကို ကြတော့ ပုံစံတစ်မျိုးနဲ့ ဆက်ဆံရတာပါ။ ကျန်တဲ့ လူတွေကိုကြတော့ ပုံမှန် ဗေဒင်မေးတဲ့ လူတွေလိုပါပဲ။ စိတ်ထဲမှာ သိတ်ပြီး ထူးထူးထွေထွေ မရှိလှပါဘူးဟု ပြန်ပြောလိုက်လေ၏။ ထိုအခါ ဒေါ်သတ္တိကြီးက...
အော် .... မင်းက လူတွေကို ကိုယ်ကျိုးအတွက် ပေါင်းသင်းဆက်ဆံတာကိုး။ ဒီမှာ မောင်ဟိန်းတင့်ဇော်... လောကကြီးမှာ လူတွေဟာ ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့ အကူအညီပေးနိုင်လို့ ကိုယ်ဘ၀မှာ အရေးပါကြတာတင် မကပါဘူး။ သူတို့ကို ကိုယ်ကျိုးအတွက် ဘာမှ မျှော်လင့်ချက်မထားပဲ လူကို အရှိအတိုင်း တန်ဖိုးထားပြီး ဆက်ဆံရင် လောကကြီးမှာ ဒီလူသားတွေဟာ စိတ်ချမ်းသာမှု့ စိတ်အေးချမ်းမှု့ အပြည့်အ၀ဆုံး ပေးနိုင်တဲ့ အကြောင်းရင်း ဖြစ်လာနိုင်တယ်။ ကိုယ်ကျိုးအတွက် အသုံးချဖို့ မရည်ရွယ်ပဲ ခင်မင်မှု့ကို အဓိကထားတဲ့ ဆက်ဆံရေးဟာ စိတ်ကျေနပ်မှု့ကို အများဆုံးပေးတဲ့ ဆက်ဆံရေးပဲ။
သုံးလို့ရမှ တန်ဖိုးရှိတယ်လို့ သဘောထားတာ မကောင်းဘူး။ လူတစ်ယောက်က နောက်တစ်ယောက်ကို မြင်ရင် သူ့ကို ငါ ဘယ်နေရာမှာ သုံးမလဲ။ ငါ့အတွက် အကျိုးရှိအောင် သူ့ကို ဘယ်လိုလုပ်ရမလဲ။ ဘယ်လို ပေါင်းထားရမလဲ။ ဘယ်လို ကျွေးထားရမလဲ။ အဲဒီလိုဆိုရင် ဒီလူကို တွေ့ရတဲ့အခါမှာ တကယ် ရိုးသားဖြူစင်တဲ့ မြင့်မြတ်တဲ့ မေတ္တာစေတနာနဲ့ ဆက်ဆံလို့ ရပါ့မလား။ ဘယ်ရနိုင်မလဲ။ မဟုတ်ဘူးလား။ အဲဒီလိုဆိုရင် မင်းတို့ငါတို့ရဲ့ ဆက်ဆံရေးဟာ ဘယ်လာ အဓိပ္ပါယ်ရှိနိုင်တော့ မလဲ။ ဘယ်လိုလုပ် စိတ်အေးချမ်းမှု့ ရနိုင်ပါဦးမလား။ ဘယ်လိုလုပ် စိတ်ကျေနပ်မှု့ ရနိုင်ပါ့လဲ။
ကိုယ်က ဒီလူဟာ တစ်နေ့မှာ ငါ့အတွက် အသုံးကျမယ်ထင်ပြီးတော့ ဒီလူကို ကျွေးပေါင်းတယ်။ ချော့ပေါင်းတယ်။ နောက်တော့ ဒီလူဟာ ကိုယ်မျှော်လင့်ထားသလို ကိုယ့်အကျိုးကို လုပ်မပေးဘူးဆိုရင် စိတ်ထဲမှာ ဘယ်လို ခံစားရမလဲ။ မကျေမနပ်ဖြစ်မယ်။ မုန်းမယ်။ ငါ သူ့အတွက် အကုန်ခံထားတာ တော်တော် များသွားပြီ။ သိတ် တွက်ခြေမကိုက်ဘူး။ အဲဒီတော့ တွက်ခြေကိုက်မှ လူတွေကို ပေါင်းမယ်ဆိုရင် ပေါင်းရမယ့်သူ အင်မတန်နည်းသွားမယ် မဟုတ်ဘူးလား။ ကိုယ့်ကို သုံးလို့ရတုန်း သုံးပြီးတော့ သုံးလို့မရတဲ့အခါ လွှတ်ပစ်လိုက်တာကို မင်းကော ခံရရင် ဘယ်လိုနေမလဲ။ မောင်ဟိန်းတင့်ဇော် မင်းစဉ်းစားကြည့်ပါဦး။
လူတစ်ယောက်ကို အသုံးချချင်တဲ့စိတ်နဲ့ ဘယ်တော့မှ မပေါင်းသင့်ဘူး။ ဒီသဘောတရားကို နားလည်ထားရင် လူတွင်မဟုတ်ဘူး။ တခြားသော အကြောင်းတရားတွေမှာလဲ ဒီသဘောအတိုင်းပဲ။ အသုံးမ၀င်ရင် ဖျက်စီးလိုက်၊ အသုံးမ၀င်ရင် လွှင့်ပစ်လိုက် ၊ အဲဒီလို သဘောထားမျိုး ထားမယ်ဆိုရင် ဟောဒီလောက ကြီးကို မင်းက တန်ဖိုးချသလို ဖြစ်သွားမယ်။ နောက်တစ်ခုက သဘာဝကြီးမှာ ဘယ်အရာကိုမြင်မြင် သဘာဝတရားအတိုင်း ခံစားတာကောင်းတယ်။ ဥပမာဟာ သစ်ပင်တစ်ပင် ကို မြင်တဲ့အခါမှာ အော် ဒီ သစ်ပင်ဟာ အရိပ်အာဝါသ ရတယ်။ နောက်ပြီး ဒီသစ်ပင်တွေက အောက်ဆီဂျင်တွေကို ထုပ်ပေးတယ်။ လူတွေက အောက်ဆီဂျင်တွေကို ရှုရှိုက်တယ်။ လူတွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုပ်ပေးတယ်။ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို ယူလိုက်တယ်။ သစ်ပင်မရှိရင် အောက်ဆီဂျင် မရှိဘူး။ အောက်ဆီဂျင်မရှိရင် လူတွေနဲ့ အသက်ရှုတဲ့ သတ္တ၀ါတွေ သေကုန်မှာပဲ။ အဲဒီလို လူသားတွေနဲ့ သဘာဝတရားတွေ အချင်းချင်း ကျေးဇူးပြုနေကြတာ။ အဲဒီ သဘာဝတရားလေးကိုက ချစ်စရာ ကောင်းနေတယ် မဟုတ်လား။
အဲဒီလိုမှ မဟုတ်ပဲ သစ်ပင်မြင်တာနဲ့ ထင်းစိုက်ရင်ကောင်းမလား။ သစ်ဆွဲရင် ဘယ်လောက် ကောင်းမလဲ အဲဒီလို တွေးနေမယ်ဆိုရင် ပျော်ရွှင်တဲ့ စိတ်ခံစားချက်ကို ဘယ်လာ ခံစားနိုင်ပါတော့မလဲ။ ရေမြေတောတောင် သဘာဝတရားတွေကို မြင်လိုက်ရလို့ ပျော်ရွှင်မှု့ဆိုတာကို ဘယ်လာ ခံစားနိုင်ပါ့မလဲ။ မဟုတ်ဘူးလား။ ဒါကြောင့် ပြောချင်တာက ဘယ်အရာဝတ္ထုကိုမှ အရမ်းလည်း အထင်မကြီးနဲ့ ၊ အရမ်းလည်း အထင်မသေးနဲ့၊ အရာဝတ္ထုတိုင်းမှာ သူ့တန်ဖိုးနဲ့ သူ တည်ရှိနေတယ် မောင်ဟိန်းတင့်ဇော်ရေ။ အဲဒီတော့ မင်းလဲ အဲဒီစိတ်ကို အမြန်ဆုံးပြုပြင်လိုက်ပါ ၊ ဒါမှ မင်းတို့ငါတို့ လောကကြီးက တစ်နေ့တခြား သာယာလှပလာမယ်။ အဲဒီလိုပဲ မင်းတို့ငါတို့ ရင်ထဲမှာလဲ အမြင်ရှင်းပြီး သာယာချမ်းမြေ့လာမယ် မဟုတ်လားဟု ရှည်လျှားစွာ ပြောဆိုလေတော့၏။ ထိုအခါ ကျွန်ုပ်က ဟုတ်ပါပြီ ဒေါ်သတ္တိကြီးရယ်။ အခု ကျုပ်လည်း ကောင်းကောင်း သဘောပေါက်သွားပါပြီ။ အခု ဒေါ်သတ္တိကြီးလာတဲ့ ရည်ရွယ်ချက်လေး ပြောပြပါဦးဟု ကျွန်ုပ်က ပြန်မေးလိုက်လေလျှင် ဒေါ်သတ္တိကြီးက
ဒီလိုပါ မောင်ဟိန်းတင့်ဇော်ရယ်။ လာတဲ့ကိစ္စကတော့ မြန်မာပြည်က ငါ့မြီးလေးရဲ့ ပညာရေးကိစ္စပါပဲ။ သူက ဒီနှစ်ဆေးတက္ကသိုလ် စတက်တာလေ။ အဲဒီတော့ သူ့ရဲ့ ပညာရေးကိစ္စတွေမှာ ကံဇာတာကောင်းအောင် အခိုက်အညံ့လေးတွေ မကြုံကြိုက်ရအောင် မင်းတို့ပညာနဲ့ ဆောင်ရွက်ပေးဖို့ပါပဲ။ အဲဒါလေးတော့ ကူညီပေးပါဟု ပြန်ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ပညာရေးအတွက် အထောက်အကူဖြစ်စေသော အောက်ဖော်ပြပါ ယတြာပညာရပ်ကို ဒေါ်သတ္တိကြီးအား ပြောပြလိုက်လေတော့သတည်း။
ယတြာ၏ဥပဒေသ
မည်သည့်နေ့သားသမီးမဆို မိမိတို့ မွေးနေ့မှ ဘုမ္မိအရပ်( လေးခုမြောက်ဒေါင့်) မှ ဆပွတ်(၆-ခုမြောက်)ကျသော အပင်၏အရွက်ကို ဆောင်ထားခြင်းဖြင့် ကံ ၊ ညာဏ် ၊ ၀ိရိယ ဤသုံးပါတို့ ထက်မြက်သည်ဟု ဆိုသည်။ စာကြည့်စားပွဲတွင် ဆောင်ထားနိုင်သည်။ ပလပ်စတစ်လောင်း၍ ဆောင်ထား တင်ထားနိုင်ပါသည်။ သစ်ရွက်ခူးသောအခါတွင် မည်သည့်နေ့တွင်မဆို ဆောင်ရွက်နိုင်သည်။ အနာအဆာကင်းသည့် သစ်ရွက်ကို အညှာပါအောင် ခူးယူပါ။ သစ်ရွက်ကို ခူးယူသောအခါတွင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နိုင်ခြင်း မရှိပါက မိသားစုဝင် တစ်ဦးဦးမှ ဆောင်ရွက်ပေး၍ ရသည်။
ယတြာ၏အကျိုးကျေးဇူး
အထူးသဖြင့် ပညာသင်ကြားဆဲ ကျောင်းသူကျောင်းသားများတွင် ဖြစ်တတ်သော ကံနိမ့်ခြင်းကြောင့် ပညာရေးညံ့ခြင်း၊ အပေါင်းအသင်းကြောင့် နာမည်ပျက်ခြင်း ၊ ဆရာငြိုငြင်ခံရခြင်း ၊ ကျောင်းသွားကျောင်းပြန် လမ်းခရီး ဘေးဥပ္ပါဒ်ကြုံရခြင်း ၊ စာမေးပွဲဖြေဆိုခါနီးတွင် ကျန်းမာရေးညံ့ခြင်း ကင်းဝေးစေသည်။ ထို့အပြင် စာကို စိတ်ဝင်စားလာမည်။ ၀ိရိယကောင်းလာမည်။ စာကြည့်ချိန် မြဲလာမည်။ ထိထိမိမိ လုပ်ကိုင်ကြိုးစားလာမည်။ တက်ကြွခြင်း၊ ရွှင်လန်းခြင်းဖြင့် ကြိုးစားအားထုပ် လာမည်။ အောက်တွင် နေ့သားအလိုက် ဘုမ္မိအရပ်နှင့် ဆောင်ရန်အညွန့်များကို ဇယားဖြင့် ဖော်ပြပေးလိုက်ရပါတယ်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ-မဟာချိုင်မြို့)
http://www.heintinzaw.com

0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)