Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 27, 2012

ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု


ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာကွာလဲ? မြန်မာပြည်မှာ ဗုဒ္ဓဘာသာ မကိုးကွယ်ခင် ဘာတွေကိုးကွယ်နေလဲ? ဘယ်သူက ဗုဒ္ဓဘာသာကို ဖြန့်ဖြူးခဲ့လဲ? နတ်တွေ ဘာလို့ ကိုးကွယ်ကြလဲ? သိခြင်ရင် ဖတ်ကြည့်........

ဂေါတမဘုရားရှင် မပွင့်မီက အိန္ဒိယမှာ ဘယ်ဘာသာကို ကိုးကွယ်နေကြသလဲ ?
အဲဒီအချိန်တုန်းက အိန္ဒိယမှာ ဗြဟ္မဏ၀ါဒလို့ခေါ်တဲ့ ဟိန္ဒူဘာသာကို အမျာဆုံး ကိုးကွယ်နေကြတယ်။ ဟိန္ဒူဘာသာရဲ့ အစောဆုံးစာပေကတော့ ရိ-ဂိဝေဒ ဖြစ်တယ်။ အဲဒီ ရိ-ဂိဝေဒထဲမှာ အိန္ဒိယပြည်ထဲကို ရှေးဦးစွာ ၀င်ရောက်လာကြတဲ့ အာရယန်လူမျိုးတွေရဲ့ တေးဂီတတွေပါတယ်။ အာရယန်တွေဟာ နေ၊ ရေ၊ မီး၊ လေစတဲ့ သဘာဝအင်အားတွေကို သက်ရှိအဖြစ် ပြောင်းပြီး နေနတ်၊ လေနတ်၊ မီးနတ်၊ မြစ်စောင့်နတ်၊ တောင်စောင့်နတ်တွေ အဖြစ်နဲ့ ကိုးကွယ်ပူဇော်နေကြတယ်။ ၈၀၀-ဘီစီလောက်မှာ ဥပနိသျှဒ်ခေါ်တဲ့ကျမ်းတွေ ပေါ်လာတယ်။ အဲဒီကျမ်းတွေထဲမှာ…၁။ ၀တ်ပြု ကိုးကွယ်ပူဇော်နည်း၊ ၂။ အတ္တကို စင်ကြယ်စေဖို့ခြိုးခံ ကျင့်ကြံအားထုတ်နည်း၊ ၃။ သံသရာမှလွတ်မြောက်ရန် ကမ္မဌာန်းတရား အားထုတ်နည်းတွေကို ဖော်ပြကြတယ်။ ဟိန္ဒူဝါဒအရ အတ္တဟာတစ်ဘ၀ပြီး တစ်ဘ၀ဆက်ကာဆက်ကာ သံသရာကျင်လည်နေတယ်။ အဲဒီလိုကျင်လည်ရာမှာ ကောင်းမှု မကောင်းမှုအရ ကောင်းတဲ့ဘ၀၊ ဆိုးတဲ့ဘ၀မှာ ကျင်လည်ရတယ်။ အဆုံးအစမရှိ ကျင်လည်နေရတဲ့ သံသရာမှ လွတ်မြောက်ရေးနည်းလမ်းတစ်ခုဟာ ရှိရမယ်လို့ ယုံကြည်ကြတယ်။ အဲဒီ လွတ်မြောက်ရေးလမ်းကို ရှာကြံရာက အဘိဓမ္မာဆရာကြီးတွေ အမြောက်အမြား ပေါ်ထွက်လာကြတယ်။ တချို့က အဲဒီဂိုဏ်းဆရာကြီးတွေကို ကိုးကွယ်ပြီး တချို့ကတော့ မီးနတ်၊ နေနတ်၊ လေနတ် စတဲ့ သဘာဝနတ်တွေကို ကိုးကွယ်နေကြတာ ဖြစ်ပါတယ်။

ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ သူ့အရင်ပေါ်နေတဲ့ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်မှု ဘာသာတွေက ဆင်းသက်လာတာလား ?
မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာက ဆင်းသက်လာတာ မဟုတ်တဲ့အပြင် အဲဒီဟိန္ဒူနဲ့ နတ်ကိုးကွယ်မှု ဘာသာရေးတွေကို လုံးဝဆန့်ကျင် တော်လှန်တဲ့ ဘာသာဖြစ်တယ်။ (ဒါပေမယ့် ကမ္ဘာကိုပြန့်နေတဲ့ ဗုဒ္ဓဘာသာကတော့ ဟိန္ဒူဝါဒနဲ့ နတ်ကိုးကွယ်မှုဝါဒတွေ အနည်းအကျဉ်းရောနှော ပါဝင်နေတယ်လို့ ကြိုတင်မှတ်ထားနှင့်ပါ။)

အနော်ရထာမင်းစော မတိုင်ခင်က မြန်မာလူမျိုးတွေဟာ ဘယ်ဘာသာကို ကိုးကွယ်နေကြသလဲ?
ထေရ၀ါဒဗုဒ္ဓသာသနာကို မဖြန့်မီ မြန်မာလူမျိုးတွေကား…
(၁) ကမ္ဘာ့အစောဆုံး ကိုးကွယ်မှုဖြစ်တဲ့ နတ်နဂါးတွေကို ကိုးကွယ်နေကြတယ်။
(၂) အိန္ဒယပြည် ဟိန္ဒူကုန်သည်တွေဆီကတစ်ဆင့် ရရှိတဲ့ ဟိန္ဒူနတ်တွေ ဘုရားတွေနဲ့ ဟိန္ဒူဗြာဟ္မဏ ၀ါဒတွေကို ကိုးကွယ်နေကြတယ်။
(၃) မြောက်ပိုင်း ဗုဒ္ဓဘာသာလို့ခေါ်တဲ့ မဟာယာနဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ တန္တရယာနတိဗက်ဗုဒ္ဓ ဘာသာကိုလည်း ကိုးကွယ်နေ ကြတယ်။
(၄) မဟာဂီရိ၊ မြင်းဖြူရှင်စတဲ့ မြန်မာပြည်ဖြစ် နတ်တွေကိုလဲကိုးကွယ်နေကြတယ်။

အနော်ရထာမင်းစော ထေရ၀ါဒဗုဒ္ဓဘာသာကို ဖြန့်ဖြူးပြီးတဲ့နောက်မှာ မြန်မာလူမျိုးတွေဟာ အထက်ပါ ကိုးကွယ်မှုအဟောင်းတွေကို လုံးဝ စွန့်လွှတ်ခဲ့ကြပါသလား?
အသစ်ရောက်လာတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုအဟောင်းတွေထက် အဘက်ဘက်က သာလွန်ပြီးဟောကြားတဲ့ တရားတော်တွေဟာ ပိဋကတ် အခိုင်အမာရှိတယ်။ ရဟန်းတော်တွေရဲ့ နေထိုင်ကျင့်ကြံမှုတွေဟာ ၀ိနည်းတော်နဲ့အညီဖြစ်တယ်။ ဒါကြောင့်လဲ မင်းနှင့်တကွပြည်သူလူထုက ထေရ၀ါ၏ ဗုဒ္ဓသာသနာအသစ်ကို အင်တိုက်အားတိုက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံပြီး လေးလေး စားစား ကြည်ညိုကိုးကွယ်ကြတယ်။ ဒါပေမယ့် ဘိုးဘေးအစဉ်အဆက်က ကိုးကွယ်ဆည်းကပ်လာတဲ့ ရိုးရာနတ်ကိုးကွယ်မှု၊ ဟိန္ဒူဗြဟ္မဏအယူတွေကို အလွယ်တကူ မစွန့်လွှတ်နိုင်ကြပါဘူး။ ဒါကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ အသစ်ဟာ အဟောင်းဖြစ်တဲ့ နတ်ကိုးကွယ်မှုနဲ့ ဟိန္ဒူဗြဟ္မဏ ကိုးကွယ်မှု မဟာယာနကိုးကွယ်မှုတွေနဲ့ ယှဉ်တွဲထွန်းကားခဲ့တာဟာ ယနေ့တိုင် ဖြစ်ပါတယ်။

နတ်ဟိန္ဒူနဲ့ မဟာယာန ဗုဒ္ဓဘာသာတွေ ရောနှောနေယင် မြန်မာဗုဒ္ဓဘာသာကို ထေရ၀ါဒတောင်ပိုင်း ဗုဒ္ဓဘာသာလို့ ခေါ်ဆိုနိုင်ပါ့မလား?
ခေါ်ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ မြန်မာလူမျိုးတွေကလဲ ခံယူတယ်။ ကမ္ဘာကလဲ အသိအမှတ်ပြုတယ်၊ ရဟန်းတော်တွေဟာ ထေရ၀ါဒ ၀ိနည်းတော်အတိုင်း ကျင့်သုံးနေထိုင်ပြီး ထေရ၀ါ၏ ပိဋကတ်တွေကိုသာ သင်အံဟောကြားတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာက ဘယ်လိုပဲ အသိအမှတ်ပြုပြု မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုထဲမှာ နတ်ဟိန္ဒူနဲ့မဟာယာန ယဉ်ကျေးမှုတွေ ရောနှောနေတယ်ဆိုတာကိုလဲ အသိအမှတ်ပြုရမှာပဲ။ ဟိန္ဒူဗြာဟ္မဏအယူဝါဒနဲ့ မဟာယာန ဗုဒ္ဓဘာသာတွေကို လက်ခံကျင့်သုံးခဲ့တာ နှစ်ကာလကြာညောင်း လာတဲ့အတွက် ထေရ၀ါ၏ဗုဒ္ဓဘာသာ အယူလို့ပဲ မှတ်ထင်နေကြပါတယ်။ ဒီလိုအမှန်ကို မသိကြတော့လို့လဲ မြန်မာ့ယဉ်ကျေးမှုဟာ ထေရ၀ါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုစစ်စစ် ဖြစ်တယ်လို့ ယုံကြည် မှတ်ယူနေကြခြင်း ဖြစ်ပါတယ်။

နတ်ကိုးကွယ်မှုကတော့ ထင်ရှားပါတယ်။ ဟိန္ဒူဗြဟ္မဏနဲ့ မဟာယာန ကိုးကွယ်မှုတွေက ဘယ်ဟာတွေပါလဲ ?
ထင်ရှားတဲ့ ဟိန္ဒူဗြာဟ္မဏ အယူဝါဒတွေကတော့ ဘုရားကိုးဆူပူဇော်တဲ့အခါ ဂြိုဟ်ကြီိးကိုးလုံး ဂြိုဟ်နတ်ကြီးကိုးပါးတို့ မြန်မာနိုင်ငံစေတီပုထိုးတွေရဲ့ အရပ်(၈)မျက်နှာမှာ ဂြိုဟ်တိုင်(၈)တိုင်ထားတာတို့၊ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးလှည့်စတဲ့ ဗေဒင် အဟောဆိုင်ရာတွေဟာ ဟိန္ဒူဗြာဟ္မဏအယူဝါဒတွေဖြစ်ပြီး ရေမွှေးပုလင်း စသည်တို့၌ ရှင်ဥပဂုတ်ရုပ်တု၊ ရှင်သီဝလိရုပ်တုများထည့်ကိုးကွယ်မှု၊ အင်းအိုင်၊ ခါးလှည့်လက်ဖွဲ့နဲ့ မှော်အတက်ပညာတွေဟာ မဟာယာနတန္တရယာနရဲ့ အယူအဆတွေ ဖြစ်တယ်။ ဒီအယူအဆတွေနဲ့ ပတ်သတ်ပြီး နောက်မှ ထပ်ရှင်းပြပါဦးမယ်။

အနော်ရထာမင်းစေဟာ နတ်ကိုးကွယ်မှုတွေ ဘယ်လို နှိမ်နှင်းခဲ့ပါသလဲ?
အနော်ရထာမင်းစောဟာ အလွန်သန့်စင်တဲ့ ထေရ၀ါရဗုဒ္ဓဘာသာကို နိုင်ငံအနှံ ဖြန့်ဝေပေးပေမယ့် လူတွေဟာ ကိုးကွယ်မှုအဟောင်းဖြစ်တဲ့ နတ်တွေကိုလဲ စွဲမြဲကိုးကွယ်နေကြတဲ့အတွက် အနော်ရထာမင်းစောဟာ ပုဂံနေပြည်တော်မှာရှိတဲ့ နတ်ကွန်းတွေကို ဖျက်၊ နတ်ရုပ်တွေကို ပိဿနိုးနတ်ကွန်းကြီးထဲထည့်ပြီး သော့ပိတ်ထားစေတယ်။ အဲသလို ပိဿနိုးနတ်ကွန်းကြီးကိုလဲ နတ်ရုပ်တွေထည့်လှောင်ထားလို့ နတ်လှောင်ကျောင်းလို့ ခေါ်တွင်ကြတယ်။ ဘုရင်ကိုယ်တိုင်က နတ်ကိုးကွယ်မှုကို နှိမ်နှင်းနေပေမယ့် နတ်ကွန်းနတ်ရုပ်မရှိပေမယ့် နတ်တွေကို တိတ်တဆိတ်ပူဇော် ပသနေကြတယ်။ ဒါကို ဘုရင်အနော်ရထာသိလို့ လူတွေရဲ့ နတ်ကိုးကွယ်လိုတဲ့ ဆန္ဒလဲပြည့်ဝစေ၊ နတ်ပူဇော်ဖို့လာရင်းနဲ့ ဘုရားကိုလဲရှိခိုး ပူဇော်ဖြစ်ကြစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွှေစည်းခုံဘုရားတည်တဲ့အခါ စေတီဘေး တစ်နေရာမှာ မြန်မာနတ်(၃၇)မင်း ရုပ်လုံးပုံတွေကို ထုလုပ်ထားပေးတယ်။ သူရဿတီ၊ မဟာပိန္နဲစတဲ့ ဟိန္ဒူနတ်တွေကိုတော့လုံးဝ အစဖျောက်ပစ်လိုက်ကြတယ်။ ဒီလိုနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မရောက်ခင်က ထွန်းကားနေတဲ့ နတ်ကိုးကွယ်မှုဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့်အတူ ယှဉ်ပြိုင် ထွန်းကားခဲ့တာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တောင်ပိုင်း ထေရ၀ါဒ ဘာသာ မရောက်မီ မြောက်ပိုင်း မဟာယာနအနွယ် အရည်းကြီး ရဟန်းတွေဟာ ဘယ်လို ကျင့်ကြံနေထိုင်ကြပါသလဲ?
အရည်းကြီး ရဟန်းတွေဟာ အ၀ါရောင်သင်္ကန်းတွေကို မ၀တ်ကြဘူး။ ဒီနေ့ရသေ့တွေဝတ်တဲ့ အညိုမဲပုပ်ပုပ်အရောင် သင်္ကန်းတွေ ၀တ်ဆင်ကြတယ်။ ဆံပင်တွေကို လက်လေးသစ်ကျော်အထိ အရှည်ထားကြတယ်။ မုတ်ဆိတ်မွေး အရှည်ထားကြတယ်။ ရဟန်းနဲ့မတူဘဲ ရသေ့နဲ့ပိုတူနေတယ်။ သူတို့မှာ ပိဋကတ်စာပေ အခိုင်အမာမရှိဘူး။ သူတို့ကိုယ်တိုင်လဲ နတ်ကိုးကွယ်တယ်။ လူတွေကိုလဲ နတ်ကိုးကွယ်မှုအတွက် ဆောင်ရွက်ပေးတယ်။ ထန်းရည် အရက်တွေလဲသောက်တယ်။ အဂ္ဂရတ်ထိုးတယ်။ ဆေးကုတယ်။ အင်းအိုင်ခါးလှည့်လက်ဖွဲ့၊ မန္တန်တွေကို စီရင်ပေးတယ်၊ ဗေဒင်ဟော ဓာတ်ရိုက်လုပ်ငန်းတွေကို လုပ်ကြတယ်။ မင်္ဂလာဆောင်တော့မယ့် သတို့သမီးကို မင်္ဂလာမဆောင်မီ တစ်ညအရည်ကြီးတွေဆီ လွှတ်ပေးရတယ်။ ဒါကို ပန်းဦးလွှတ်တယ်လို့ ခေါ်ပါတယ်။ အရည်းကြီးဂိုဏ်းရဟန်းတွေရဲ့ အင်အားဟာလဲ မနည်းလှဘူး။ ဂိုဏ်းချုပ် အရည်းကြီး(၃၀)နဲ့ နောက်လိုက် အရည်းကြီး ခြောက်သောင်းကျော် ရှိတယ်။ ဒီအရေအတွက်ကိုကြည့်ရင် ပုဂံနေပြည်တော်မှာ အရည်းကြီးသာသနာ ဘယ်လောက် ထွန်းကားခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

အရည်ကြီးတွေကို အနော်ရထာမင်းစော ဘယ်လို နှိမ်နှင်းခဲ့သလဲ?
သန့်စင် မွန်မြတ်တဲ့ ထေရ၀ဒ ဗုဒ္ဓသာသနာပုဂံကို ရောက်လာတဲ့အခါမှာ အနော်ရထာမင်းစောဟာ အရည်းကြီးရဟန်းတွေကို လူဝတ်လဲပေးတယ်။ ဆင်ချေးကျုံး၊ မြင်းချေးကျုံးစတဲ့ အလုပ်တွေကို လုပ်စေတယ်။ အချို့ အရည်းကြီး လူထွက်တွေကတော့ ဆေးဆရာ၊ ဗေဒင်ဆရာ၊ ပယောဂဆရာ၊ မျက်လှည့်ဆရာအဖြစ်နဲ့ အသက်မွေးကြတယ်။ အရည်းကြီးရဟန်းတွေဟာ အသွင်အားဖြင့် လုံးဝပျောက်သွားပေမယ့် သူတို့ရဲ့လုပ်ငန်း အမွေအနှစ်တွေကတော့ ယနေ့တိုင် မြန်မာ့ယဉ်ကျေးမှုအဖြစ် ဆက်လက်တည်ရှိနေတယ်။ ဒီပညာရပ်တွေကို ဒီနေ့အထိဆက်လက်သယ်ဆောင် ဖြန့်ဖြူးခဲ့သူတွေကတော့ အရည်းကြီး လူထွက်ဆရာတွေပဲ ဖြစ်တယ်။

ထေရ၀ါဒ ရဟန်းတော်တွေက ဘာဖြစ်လို့ အင်းအိုင်ခါးလှည့် လက်ဖွဲ့၊ မန္တန်မှော် ပယောဂနဲ့ ဗေဒင်ပညာတွေကို ဆက်ခံဖြန့်ဖြူးကြပါသလဲ?
လူတွေဟာ အသိဥာဏ် မတိုးတက်သေးတော့ အထက်ပါ ပညာရပ်တွေမှာ စွဲလမ်းယုံကြည်ကြတယ်။ မိမိတို့ရဲ့ ပစ္စုပ္ပန်လောလောဆယ် အကျိုးအတွက် ဆရာတွေထံ ချဉ်းကပ်မေးမြန်းကြတယ်။ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ကြတယ်။ လူတွေရဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး ဆရာလိမ် ဆရာညာတွေလဲ ပေါများလာတယ်။ မိမိတို့ကို ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းနေတဲ့ တကာတကာမတွေရဲ့ အကျိုးအတွက် ဒီပညာတွေကို တချို့အနည်းငယ်မျှသာ ထေရ၀ါဒရဟန်းတော်တွေက ဆက်လက်လေ့လာကြတယ်။ တကာတကာမတွေကို ဟောပြောကြတယ်။ နတ်ကိုးကွယ်မှုကို လုံးဝပိတ်ပင်လို့ မရတဲ့အခါမှာ ဘုရားဖူးပြီးရင်တော့ နတ်တွေကို ပူဇော်ရင် ပူဇော်ကြပါစေဆိုပြီး စေတီဘေးမှာ နတ်ရုပ်တွေ ထားပေးသလိုပါပဲ။ အင်းအိုင် မန္တန် ပယောဂတွေကို လုံးဝမယုံကြည်ဖို့ ပိတ်ပင်လို့ မရတော့ လူလိမ် လူညာတွေ ဘေးမှလဲလွတ်စေတော့။ ဒီပညာတွေနဲ့ ပတ်သက်ပြီး သာသနာနဲ့ ဆက်စပ်မှုလဲ ဖြစ်စေတော့ဆိုတဲ့ သဘောနဲ့ ထေရ၀ါဒ ရဟန်းတော်များကလဲ ဒီပညာတွေကို အဆင့်ဆင့်သင်ယူခဲ့ သင်ကြားပိုပချပေးခဲ့ကြတာပါပဲ။ ဘာသာရေး ရူထောင့်နဲ့ဝိနည်း ကျင့်ဝတ်ရူထောင့်အရ မလျော်ပေမယ့် သာသနာပြု ရူထောင့်၊ လူမှုရေး ယဉ်ကျေးမှုရူထောင့်က ကြည့်ပြီး လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။

နတ်နဲ့ဗေဒင် မန္တန်တွေကို ဘာကြောင့် လူတွေ စွဲလမ်းယုံကြည်ကြသလဲ ?
ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဘုရားဟာ အခြားဘာသာတွေရဲ့ ဘုရားတွေလို ကယ်တင်မှု မစမူ မရှိဘူး။ အမှန်တရားကိုသာ ညွှန်ပြတော်မှုနိုင်တယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရတယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးရမယ်လို့ ဗုဒ္ဓကဟောတယ်။ လူတွေဟာ မရသေးတဲ့ရာထူးဂုဏ်သိန် စည်းစိမ်ကိုရချင်တယ်။ ရပြီးသားရာထူးစည်းစိမ်တွေ ဆုံးရှုံးပျောက်ပျက် သွားမှာစိုးရိမ်တယ်။ ကြောက်တယ်။ ဒီလိုချင်တဲ့စိတ်နဲ့ ကြောက်စိတ်ကို နတ်တွေ ဗေဒင် အင်းအိုင် မန္တန်တွေကသာ လက်ငင်းဒိဌ ကူညီမစနိုင်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီလို လောလောဆယ် လောကီကောင်းကျိုးတွေ ရဖို့အတွက် နတ်၊ ဗေဒင်၊ အင်းအိုင် မန္တန်တွေကို ယုံကြည်အားကိုးနေကြခြင်း ဖြစ်တယ်။

ဒီနေ့ မြန်မာတွေ ဟောပြော ယုံကြည်နေကြတဲ့ ဗေဒင်ဟာ ဟိန္ဒူဗြာဟ္မဏတွေရဲ့ ဗေဒင်(၄)ပုံနဲ့ တူပါသလား?
မတူပါဘူး၊ ဝေဒကျမ်း(၄)မျိုးရှိတဲ့ အနက် နောက်ဆုံးမှပေါ်လာတဲ့ အာထဗ္ဗဏဝေဒကျမ်းတစ်ကျမ်းနဲ့သာ တူပါတယ်။ အာထဗ္ဗဏဝေဒကျမ်းမှာ စုန်း တစ္ဆေ ကဝေ မှော် မယောဂအတတ်၊ ၀ိဇ္ဇာဇော်ဂျီတပသီတွေနဲ့ အင်းအိုင် ခါးလှည့် လက်ဖွဲ့အတတ်၊ မြေလျှိုးမိုးပျံတဲ့ ဂန္ဓာအတတ်တွေ ပါတယ်။ ဒီနောက်ဆုံး အာထဗ္ဗဏဝေဒကြောင့် ဘာသာရေးသက်သက်ဖြစ်ပြီး မွန်မြတ်တဲ့ အခြေားဝေဒသုံးကျမ်းရဲ့ ဂုဏ်သိက္ခာပါ ကျဆင်းခဲ့ရတယ်။ ဒါကြောင့်အချို့ ဗြာဟ္မဏဆရာကြီးတွေက နောက်ဆုံး အာထဗ္ဗဏဝေဒကို မလေ့လာကြဘူး။ ပိဋကသုံးပုံသာရှိသလို ဗေဒင်ဟာလဲ သုံးကျမ်းပဲလို့ အသိအမှတ်ပြုကြတယ်။ ရှေ့ပိုင်းဗေဒင်သုံးကျမ်း ဟာလဲ ဟိန္ဒူဗြာဟ္မဏ ဘာသာရေးဆိုင်ရာ ၀တ်ပြုကိုးကွယ်မှု ပူဇော်ပသမှုတွေကိုပြတဲ့ ကျမ်းတွေဖြစ်ပါ တယ်။ ယနေ့ မြန်မာပြည်မှာ ဟောနေတဲ့ ဗေဒင်မျိုး မဟုတ်ပါဘူး။

ဗေဒင်မန္တန်တွေဟာ တကယ် မှန်ကန်ပါသလား ?
မှားတာရှိသလို မှန်တာလဲ ရှိပါတယ်။ သိဒ္ဓတ္ထမင်းသားဟာ ဘုရားစင်စစ်ဖြစ်မယ်လို့ ဗေဒင်ပညာနဲ့ ဟောခဲ့တယ်။ ပုဏ္ဏားအချို့ဟာ ဘုရားရှင်ရဲ့ လက္ခဏာတော်ကို မြင်တာနဲ့ ဘုရားပဲလို့ အတတ်သိပြီး ပူဇော်ကြတာလဲ ရှိပါတယ်။ အခြားမန္တန်ဗေဒင်နဲ့ ပတ်သက်ပြီး ဟောထားတဲ့ ပိဋကပါဠိတွေ ဇာတ်ဝတ္ထုတွေလဲ ရှိပါတယ်။ မြေလျှိုမိုးပျံနိုင်တဲ့ ဂန္ဓာရီအတတ်နဲ့ လွဲမှားမှာစိုးလို့ ရဟန်းတွေ တန်ခိုးက္ကုဒ္ဓိပါတ်မပြရဘူးလို့ ဘုရားရှင်ပညတ်ခဲ့တယ်။ ဒါပေမယ့် လူတွေရဲ့ အသိဥာဏ်ခေါင်းပါးမှု၊ ယုံလွယ်တတ်မှု၊ ရာထူးဂုဏ်သိန်၊ လာဘ်လာဘရလိုမှုတွေကို အခွင့်ကောင်းယူပြီး ဗေဒင်မန္တန်အတတ်တွေကို တကယ်တတ်မြောက်အောင် မသင်ပဲ လိမ်ညာဖြီးဖြန်း စားသောက်နေသူတွေ များကြတဲ့အတွက် သိပ္ပံခေတ်လူငယ်တွေက ဗေဒင်မန္တန်တွေကို အယုံအကြည် နည်းပါးလာခြင်း ဖြစ်ပါတယ်။

♣♣တောကူးကူးလေး♣♣ မှကူးယူဖေါ်ပြပါသည်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account