Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, April 2, 2012

နည်းပညာနှင့် ၂၁ ရာစု စာသင်ခန်း



ကျွန်တော်တို့ အမေရိကန်ရဲ့ တက္ကသိုလ်ဝင်းအတွင်းက မြင်ကွင်းတစ်ခုကိုကြည့်ရအောင်။ ကျောင်းသားတစ်စု နားကြပ်တွေ ကိုယ်စီတပ်ထားကြတယ်။ ပြီးတော့ သူတို့လက်ထဲမှာ ကိုင်ထားတဲ့ တက်ဘလက်တွေကို ငုံ့ကြည့်နေကြတယ်။
အားလုံး Facebook ထဲဝင်သူဝင်၊ Twitter ထဲ ချက်သူ ချက်၊ စာရိုက်ပြီး ပို့သူပို့၊ ဘလော့ဂ်တွေ ဖတ်သူဖတ်၊ သီချင်းတွေ ဒေါင်းလုတ် လုပ်သူတွေလုပ် သူတို့ဟာနဲ့သူတို့ ဟုတ်နေတော့တယ်။ သူတို့စကားနဲ့ပြောရရင် အားလုံး “လိုင်းမိ” နေကြတာပေါ့။ “လိုင်းဝင်” “လိုင်းစွဲ” တယ်လို့လည်းပြောကြတယ်။ ခေတ်အမြင် ကျောင်းသားတွေအားလုံး ဒီအတိုင်းပဲ တက်ဘလက်နဲ့ မျက်နှာမခွာ ဖြစ်ကုန်ကြတယ်။
အထက်တန်းကျောင်းတွေမှာလည်း အင်မတန်ဆင်းရဲပါတယ်ဆိုတဲ့ ကျောင်းတွေတောင် နည်းပညာကို တစ်ခု မဟုတ် တစ်ခုတော့ သုံးလာကြတာပဲ။ လူထု လူတန်းစားတွေကြားမှာ ဒစ်ဂျစ်တယ်ကွာဟချက် ဘယ်လောက် ရှိတယ်ပြောပြော ပညာရေးလောကမှာ ထဲထဲဝင်ဝင် သူ့အလိုလို ရောက်လာတာကိုတော့ တားဆီးလို့ ရမယ် မဟုတ်ပါဘူး။
ဆရာတွေက နည်းပညာကို အကျွမ်းမဝင်၊ တပည့်က ဆရာထက်ပိုတော်ပြီး နည်းပညာကို အဖော်လုပ်၊ အပျော်လုပ် နေချိန်မှာ၊ ကွန်ပျူတာတောင် မကိုင်ဘူးသေးတဲ့ ဆရာတွေနဲ့တော့ ခက်ပါသေးတယ်။ ၂၁ ရာစုမှာ အိမ်တွင်းမှာပညာရှာ၊ အိမ်တွင်းမှစာသင်၊ အိမ်ထဲကဘွဲ့တွေရဖို့ ဦးစားပေးလာတာကိုလည်း သတိပြုမိဖို့လို တယ်။
ကျောင်းတွေမှာ နည်းပညာကို မသုံးဖို့ တားမြစ်သူတွေက တားမြစ်နေတယ်။ ဥပမာ ကျောင်းကိုဖုန်းယူမလာရ ဆိုတာမျိုးတွေပေါ့။ ဖုန်းတစ်လုံးမှာ အင်တာနက်နဲ့ ကမ္ဘာပတ်နိုင်တယ်ဆိုတာ ဆရာလည်း လက်ခံ ကျောင်းသား ကလည်း အကျိုးရှိအောင် အသုံးချနိုင်ကြရင်ကောင်းမယ်။
ဒါကြောင့် တိုးတက်တဲ့နိုင်ငံကြီးတွေမှာ နိုင်ငံတော်အစိုးရက နည်းပညာကို ကျောင်းတွေမှာ မထောက်ပံ့ရင် တောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တပ်ဆင်ပြီး သုံးနိုင်အောင် ကြိုးပမ်းလာကြတာတွေ့ရတယ်။
နည်းပညာဟာ ကမ္ဘာ့နေရာအနှံ့ကို ပျံ့နှံ့နေပါပြီ။ ဒါပေမယ့် ပညာရေးမှာ ကျောက်သင်ပုန်း (တက်ဘလက် မဟုတ်) သုံးနေတဲ့ နေရာတွေ ရှိနေကြသေးတယ်။ ဆရာတွေက ဂဏန်းပေါင်းစက်တောင် မကိုင်ဘူးသေးချိန် မှာ အင်တာနက်ကဖေးသွားပြီး ချက်တင်ဝင်နေတဲ့ကျောင်းသားတွေ၊ အိမ်မှာ ကွန်ပျူတာနဲ့ ဖုန်းတွေကို သုံးနေ တဲ့ ကျောင်းသားတွေ အများကြီးရှိနေတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအရှိန်နောက်ကို ပညာရေးလည်း လိုက်ပါဖို့အချိန်ရောက်နေပါပြီ။ နည်းပညာကို သုံးတတ်အောင် သင်ခြင်း၊ သင်ရအောင် သုံးခြင်းဟာ ၂၁ ရာစုနဲ့ အံဝင်အောင်ပြင်ဆင်ခြင်းလို့ သတ်မှတ် နိုင်ပါတယ်။

၂၁ ရာစု မြီးကောင်ပေါက်
တိုးတက်တဲ့နိုင်ငံကြီးတွေကအစ နည်းပညာကို ပညာရေးမှာ သုံးဖို့အများကြီး လိုနေပါသေးတယ်။ နည်းပညာကို သုံးတယ်ဆိုတဲ့ နေရာမှာလည်း Facebook နဲ့ YouTube လောက်ကို ဝင်တာပြောတာမဟုတ်ဘူး။ နည်းပညာကို အကျိုးရှိအောင်သုံးဖို့ လမ်းဖွင့်ပေးခြင်း၊ သုံးတတ်အောင် ဆွဲခေါ်ခြင်း၊ သုံးနိုင်အောင် စီစဉ်ပေးခြင်း၊ မသုံးမဖြစ် သုံးလာအောင် ဖန်တီးပေးခြင်းတွေဟာ အရေးကြီးတယ်။
လက်ရှိ နည်းပညာအသုံးပြုမှုကို လေ့လာကြည့်ရင်
- ကျောင်းသား ၆၅ ရာခိုင်နှုန်းက ဂိမ်းကို ပုံမှန်ကစားတယ်
- ၈၀ ရာခိုင်နှုန်းက အင်တာနက်ထဲဝင်ပြီး လူမှုရေးကွန်ရက်ဆိုက်တွေနဲ့ပျော်မွေ့တယ်
- ၇၀ ရာခိုင်နှုန်းက အင်တာနက်ကို ကျောင်းသင်ခန်းစာတွေအတွက် သုံးကြတယ်။
- အွန်လိုင်းပေါ်မှာ ဘလော့ဂ်တွေ ကိုယ်ပိုင် ရေးနေတဲ့ ကျောင်းသားပေါင်း သန်း ၂၀၀၀ ရှိတယ်။
- ၃၀ ရာခိုင်နှုန်းက ဖုန်းပဲသုံးသည်ဖြစ်စေ၊ အင်တာနက်ထဲဝင်သည်ဖြစ်စေ၊ တီဗွီကြည့်သည်ဖြစ်စေ ပျော်ချင်လို့ သုံးတယ်လို့ ပြောကြတယ်။
ယနေ့ခေတ်လူငယ်တွေကို “ဒစ်ဂျစ်တယ်လူသားများ” လို့ခေါ်ဝေါ်ကြတယ်။ မွေးကတည်းက ကင်မရာနဲ့ မွေးလာကြတယ်။ အမှတ်တရဓာတ်ပုံနဲ့ မှတ်တမ်းတင်ခြင်းခံလိုက်ရတယ်။ အရွယ်ရောက်လာတော့လည်း အိမ်ကတီဗွီကအစ ကွန်ပျူတာအဆုံး မဖြစ်မနေသုံးကြတယ်။ အနည်းဆုံး တောရောမြို့ပါ နားကြပ် ကလေးတွေနဲ့ အမ်ပီ သရီးလောက်တော့ သုံးတတ်နေကြတယ်။

နည်းပညာလမ်းကြောင်း
ဒစ်ဂျစ်တယ်လူသားလေးတွေမှာ ပါဝါဟာ အီလက်ထရောနစ်အသုံးအဆောင်တွေပဲ။ သူတို့ပါဝါတွေကို ကျောင်းတွေမှာ မသုံးကြရ သုံးခွင့်မရှိတော့ အင်တာနက်ကဖေးတွေထဲရောက်ကုန်တယ်။ ဒါကြောင့် တရားဝင် လုပ်သင့်တာတွေကို အကျိုးရှိစွာ လုပ်ခွင့်မရတဲ့အတွက် တရားမဝင် ကွယ်ရာမှာ မဟုတ်တာတွေ သွားလုပ်နေ တာကို အပြစ် တင်သင့်သလား ပြန်စဉ်းစားစေချင်တယ်။

ဂိမ်းကစားတော့ ဘာဖြစ်သလဲ
အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားလူငယ် တိုင်းလိုလိုမှာ ဗီဒီယိုကွန်ဆိုးတွေ ပိုင်ဆိုင်ကြတယ်။ ၅၈ ရာခိုင်နှုန်းက တစ်ပတ်ကို အနည်းဆုံး တစ်နာရီလောက်ကစားနေကြတယ်။ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်းနှစ်ခုစလုံး လူငယ်ထု ကြားမှာ ပျံ့နှံ့နေပါပြီ။
ခေတ်ပေါ်ဂိမ်းတွေကလည်း အဆင့်ကမြင့်လာပြီး၊ လူကြီးတွေ လိုက်မမီအောင် ရှုပ်ထွေးလာတယ်။ ဥပမာ RPG (role playing games) တွေဆိုရင် (Second Life and World of War Craft) လို ဂိမ်းမှာ လက်တွေ့ဘ၀နဲ့ နီးစပ်မှုရှိတာတွေ အများကြီးထည့်သွင်းထားတယ်။ စိန်ခေါ်နိုင်တယ်၊ ပြိုင်ဆိုင်လို့ရတယ်၊ နိုင်ချင်မှ လည်းနိုင်မယ်။ တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ရမယ်။ ဆုချီးမြှင့်ခံရတာတွေရှိမယ်။ လုပ်ပိုင်ခွင့်အတွက် တိုက်ယူမယ်။ ပါဝါတွေရမယ်။
ဒီတော့ ကလေးတွေမှာ အခက်အခဲတွေ အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရပေမယ့် ရင်ဆိုင် တိုက်ပွဲဝင်လိုစိတ်၊ အနိုင်မခံ အရှုံးမပေးလိုစိတ်တွေ ရှိအောင် လေ့ကျင့်ပေးထားပြီးသားဖြစ်နေတယ်။ ဒါကြောင့် ကျောင်းသင်ခန်းစာတွေမှာ အခက်အခဲဆိုတာ သူတို့အတွက် ဂိမ်းသင်ခန်းစာတွေအတိုင်း ကျော်လွှားဖြေရှင်း ချင်စိတ်တွေကို လေ့ကျင့်ပေးသလိုဖြစ်နိုင်တယ်။
ဂိမ်းဆိုတာကို ပညာရှင်တွေက ခေတ်သစ်စာသင်ခန်းတွေနဲ့ နှိုင်းယှဉ်ပြီး ဒီလိုသုံးသပ်ကြတယ်။
- စွဲမြဲစွာလုပ်ကိုင်လိုစိတ်ကို ဖြစ်စေတယ်။ ဂိမ်းကစားရင် မထတမ်းကစားစိတ်တွေကို စာလုပ်ရင် မထတမ်း လုပ်လိုတဲ့စိတ်ဖြစ်အောင် ကူးပြောင်းပေးနိုင်ဖို့လိုတယ်။
- အသိတရားဖွံ့ဖြိုးမှုက ဘ၀အောင်မြင်ဖို့ အထောက်အကူပြုနိုင်တယ်။ ဂိမ်းတွေထဲမှာ အပေးအယူ၊ အရောင်း အဝယ်၊ အပြန်အလှန်သဘောတရားတွေ အများကြီးပါတယ်။ စောစီးစွာ ဘ၀အကြောင်းကို ကောင်းကောင်း သဘောပေါက်နိုင်တယ်။
- ဘ၀မှာ အရှုံးတွေနဲ့ရင်ဆိုင်ရလည်း ကြံ့ကြံ့ခံနိုင်စိတ်ရှိတယ်။ ဂိမ်းဆော့ရင် အမြဲ အနိုင်ချည်းမရှိဘူး။ အချင်းချင်းပဲကစားသည်ဖြစ်စေ၊ စက်နဲ့ကစားသည်ဖြစ်စေ၊ သူ့ level တိုင်းမှာ ခက်ခဲသွားတာကို ကျော်ဖြတ် ရတယ်။ ဂိမ်းဆော့သူတွေအတွက် အရှုံးဆိုတာ ပြဿနာမဟုတ်ဘူး။
- ပေါင်းသင်းဆက်ဆံရေး၊ လှုမှုရေးတိုးတက်စေတယ်။ ခေတ်သစ်ဂိမ်းတွေက တစ်ဦးကောင်းထက် အဖွဲ့လိုက် ကောင်းမှုကို ဦးစားပေးလာတယ်။ ကိုယ့်အချင်းချင်း ခံစားချက် မျှဝေရတာကို သူတို့နားလည်ကြတယ်။
- ဖြစ်နိုင်ခြေပေါင်းများစွာကို တွက်ဆတတ်တယ်။
ဂိမ်းမကောင်းမြင်တာတွေရှိသလို၊ အကောင်းဘက်ကလှည့်တွေးပေးနိုင်တာတွေလည်း အများကြီးရှိပါတယ်။ ဂိမ်းကစားသူတစ်ယောက်ဟာ ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်တယ်။ သင်ယူလိုစိတ်၊ ကြိုးစားလို စိတ်တွေ ရှိတယ်။ ဒါကြောင့် ကိုယ့်သင်ကြားမှုတစ်ခုကို ဂိမ်းစတိုင်၊ ဂိမ်းပုံစံနဲ့ ပြောင်းလွဲသင်ကြားနိုင်မယ်ဆိုရင် ကျောင်းသားနဲ့ ဆရာကြားမှာ နားလည်မှုတွေ ပိုပြီးတိုးပွားနိုင်လိမ့်မယ်။

ဘလော့ဂ်၊ ဆိုရှယ်မီဒီယာနဲ့ ပြည်သူ့နီတိ
၂၁ ရာစုကျောင်းသားတွေကို ၂၀ ရာစုအမြင်နဲ့ မကြည့်ဖို့လိုတယ်။ စာရေးဆရာ ဝေး ရစ်ချတ်ဆန်က “စာပေကို နည်း ပညာနဲ့ လှုံ့ဆော်ပေးနိုင်ရမယ်” လို့ရေးဖူးတယ်။၂၁ ရာစုပညာရေးလမ်းကြောင်းမှာ “တွန်းခြင်း” ထက် “ဆွဲခေါ်ခြင်း” ကို ပိုပြီး အလေးပေးလာကြတယ်။ ကလေးကို ကိုယ်သင်ချင်တာမသင်ဘူး။ သူလိုချင်တာ သင် ပေးနိုင်တဲ့ ပညာရေးမျိုးကို ဦးတည်လာကြတယ်။ သူတို့ဘာလိုအပ်နေသလဲ ပထမဦးဆုံး သိအောင်လုပ်မယ်၊ ပြီးတော့မှာ သူတို့အတွက် အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးပေးမယ်။ ဆိုရှယ်ထက် ဂလိုဘယ်ဖြစ်ရေးကို ဦးတည် ထားရမယ်။
လူငယ်တွေအတွက် အကောင်းဆုံး ဆိုရှယ်ဆိုတာ အွန်လိုင်းပေါ်မှာရှိတဲ့ ဘလော့ဂ်တွေပဲ။ ဥပမာ တစ်ခုပြောရရင် ခုတစ်လော အွန်လိုင်းမှာခေတ်စားနေတဲ့ ဘလော့ဂ်ပို့စ်တစ်ခုမှာ ၁၀ နှစ်သမီးလေး လော်ရာက သူ့အဖိုးအကြောင်းရေးထားတဲ့ ဘလော့ဂ် (၂၅ ရက်အကြာ ပြောင်းလဲမှုတစ်ခုပြုလုပ်ခြင်း) မှာ မှတ်မိသမျှ သူ့အဖိုး အကြောင်းရေးထားတာ အရမ်းဖတ်လို့ကောင်းတယ်။ အဲဒီ ဘလော့ဂ်နာမည်ကျော်သွားပြီး လော်ရာလည်း တစ်နှစ်လောက် စာတွေ ဆက်တိုက်ရေးနေရတယ်။ လော်ရာရဲ့ ဘလော့ဂ်က ငွေတွေ သောက်သောက်လဲရပြီး ရသမျှငွေတွေကိုလည်း အလှူအတန်းတွေအများကြီးလုပ်နိုင်ခဲ့တယ်။
လူငယ်တွေ တစ်ဦးနဲ့ တစ်ဦးဆက်ဆံရေးသားပုံတွေဟာ ယခင်ကထက်စာရင် ပိုပြီးတော့ ယဉ်ကျေးလာတယ်။ တစ်နည်း ပြောရရင် ပိုပြီး ပြည်သူ့နီတိကို နားလည်လာတယ်လို့ပြောနိုင်တယ်။ ကျောင်းတွေမှာ စာစီစာကုံး ညံ့တယ်လို့ အပြောခံရတဲ့သူတွေ ဘလော့ဂ်ထဲမှာ တကယ့်ကို နာမည်ကျော်ကြီးတွေ ဖြစ်နေကြတာအများကြီး။ ဒါကြောင့် ဘလော့ဂ်နဲ့ စာသင်ခန်းကို ပေါင်းစပ်ပေးနိုင်အောင် ဆရာတွေ စဉ်းစားခဲ့ကြဖူးသလား။

ဂယက်တွင်ပါဝင်ပတ်သက်ခြင်း
ယနေ့လူငယ်တွေဟာ ယခင် မျိုးဆက်တွေထက် ပိုပြီးထဲထဲဝင်ဝင်ရှိလာကြတယ်။ အွန်လိုင်းပေါ်မှာ သူတို့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှန်း သိလာကြတယ်။ အွန်လိုင်းဟာ သူတို့အတွက် ထွက်ပေါက်တစ်ခုဖြစ်လာတယ်။ အွန်လိုင်းမှာ ဆရာတွေမပေးနိုင်တဲ့ပညာ၊ ဆရာတွေ သိတာလောက်ကို စိန်ခေါ်နိုင်တဲ့ ပညာရပ်တွေ သူတို့လေ့လာသင်ယူနိုင်တယ်။
မတ်တက်ချီဆိုသူက “ကျောင်းသားတွေကို ဝေဖန်ရှုမြင်တဲ့အကြည့်မျိုးတွေ ကြည့်ခွင့်ပေးသင့်တယ်။ ဆရာ ဆိုတာ ပေါက်ကွဲလာမှာကို ထိန်းချုပ်ဖို့ မဟုတ်ဘူး။ ကိုယ်တိုင်က ပေါက်ကွဲလာအောင် စနက်တံတွေကို မီးရှို့ပေးနေသူတွေ ဖြစ်နေရမှာ” လို့ ပြောဖူးပါတယ်။
၂၁ ရာစုဟာ အမှောင်ကျနေတဲ့ စာသင်ခန်းတွေကို နည်းပညာဆီမီးနဲ့ ထွန်းညှိပေးရမှာဖြစ်ပါတယ်။ နည်းပညာကို ကြောက်ရွံ့ပြီး မထိရဲ မကိုင်ရဲဖြစ်အောင် မလုပ်ဘဲ၊ လက်တွေ့ကိုင်တွယ် အသုံးချခွင့် တွေပေးလိုက်ပါ။ နည်းပညာဟာ စာသင် ခန်းတွေရဲ့ တံတိုင်းမဟုတ်ဘူး။ နည်းပညာဆိုတာ စာသင်ခန်းတွေမှာ လိုရာကို ဖော်ဆောင်နိုင်တဲ့ လက်နက်ဖြစ်နေရမယ်။ ကျောင်းမှာလည်းသုံး၊ အပြင်မှာလည်းသုံး၊ အားလပ်ချိန် တိုင်း သုံးနိုင်တဲ့ အခွင့်အရေးတွေကို ကျောင်းတွေကဖန်တီးပေးထားမှ ဖြစ်တော့မယ်။
ဒစ်ဂျစ်တယ်လူသားတွေအဖြစ် မွေးဖွားလာတဲ့ကျောင်းသားတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ မကိုက်ညီတဲ့ သင်ကြားမှုတွေဟာ ထိရောက်တော့မှာမဟုတ်ဘူး။ အင်တာနက်ဆိုတာ သုတေသနပြုစရာ နေရာတစ်နေရာလို့ ခံယူနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးရတော့မယ်။ ဂိမ်းနဲ့ ကျောင်းသင်ခန်းစာတွေကို ပေါင်းစပ်ပေးရ တော့ မယ်။ ကျောင်းထဲကို အနည်းဆုံး လက်ပ်တော့နဲ့ တက်ဘလက်တွေ ယူလာကြအောင် ကြံဆောင်ကြရမယ်။ နည်းပညာကို ဆရာတွေကပါ လက်ခံကျင့်သုံးပြီး၊ တပည့်တွေကို လမ်းညွှန်နိုင်သူတွေ ဖြစ်ရတော့မယ်။
ယနေ့လူငယ်တွေဟာ “ဒစ်ဂျစ်တယ်လူသား” “ဂလိုဘယ်နိုင်ငံသား” တွေဖြစ်လာပြီ။ ကမ္ဘာအနှံ့ သူတို့ ဆက်သွယ်လို့ရတယ်၊ ဆက်သွယ်ခွင့်ရှိတယ်ဆိုတာလည်း သဘောပေါက်ထားရလိမ့်မယ်။ ဆရာတွေ အိပ်ပျော် မနေပါနဲ့။ ၂၁ ရာစုရောက်လာပြီ။ ဆရာတွေလည်း နည်းပညာနဲ့ရင်းနှီးကျွမ်းဝင် အောင်လုပ်ထားမှ အနာဂတ်နဲ့ အံဝင်ခွင်ကျ ဖြစ်လာပါလိမ့်မယ်။
ဆရာဆိုတာ မှောင်ကျနေတဲ့ စာသင်ခန်းကို “မီးထွန်းပေးသူတွေ” ဖြစ်ရပါလိမ့်မယ်။ ဆရာဆိုတာ စိတ်တံခါးကို နည်းပညာစွမ်းအားနဲ့ ဖွင့်ပေးနိုင်သူတွေ ဖြစ်ရပါလိမ့်မယ်။ ဆရာ ဆိုတာ ကလေးတွေရဲ့ ဆန္ဒကို အမှန်ဘ၀ရောက်အောင် နားလည်နိုင်စွမ်းရှိသူတွေ ဖြစ်ရပါလိမ့်မယ်။
နည်းပညာဆိုတာ ပျံ့နှံ့လွယ်၊ နေရာယူ လွယ်တတ်တယ်။ ၂၁ ရာစုဟာ ပညာလိုလားပြီး ပညာတတ် ဖြစ်ချင်သူတွေ ပေါနေဦးမှာပဲ။ သူတို့ကို ကျောင်းတွေမှာ ချုပ်ထားမလား၊ အွန်လိုင်းနဲ့ပေါင်းစပ်ပေးပြီး လွှတ် ပေးလိုက်မလား စဉ်းစားရတော့မယ်။ ကလေးတွေကို နည်းပညာတစ်ခုတည်း မိတ်ဆက်ပေးရုံနဲ့လည်း မလုံလောက်တော့ဘူး။ နည်းပညာကိုအသုံးချပြီး ရလဒ်တစ်ခုခုထွက်လာအောင်၊ ထွက်လာတဲ့ ရလဒ်နဲ့ သူတို့ ရပ်တည်နိုင်အောင် ဖန်တီးပေးရတော့မယ်။ ကျောင်းဆိုတဲ့ လေးဘက်နံရံကြီးထဲမှာ ကလေးတွေကို ပိတ်လှောင် ထားတာ ခေတ်မမီတော့ပါဘူး။ ကျောင်းမတက်တာ ပြဿနာမဟုတ်ဘူး။ အွန်လိုင်းထဲမဝင်တာ၊ အွန်လိုင်း ကနေ အိမ်စာမတင်တာ၊ အွန်လိုင်းကနေ ပရောဂျက်တစ်ခုခုအတွက် မပြင်ဆင်တာ၊ အွန်လိုင်းကနေ ရည်ညွှန်း ချက်တွေ မပေးပို့တာ ပြဿနာတစ်ခုပမာ ဖြစ်လာတဲ့ခေတ်နဲ့ ပညာရေးစနစ်မျိုးလိုအပ် လာပါတယ်။
ကွန်ပျူတာခန်းတွေ သော့ခတ်မထားပါနဲ့။ ကွန်ပျူတာတွေကို စောင်မခြုံထားပါနဲ့။ ယနေ့ ဒစ်ဂျစ်တယ လူသားလေးတွေဟာ အနာဂတ်မှာ နည်းပညာခေါင်းဆောင်တွေ ဖြစ်လာကြပါလိမ့်မယ်။ ကိုယ်တိုင်ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။ သူတို့ကို ဘာတွေလုပ် ပေးပြီးပြီလဲ။ သူတို့ကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ၂၁ ရာစုရဲ့ စိန်ခေါ်ချက်တွေ ဖြစ်နေပါတယ်။
တင်ညွန့်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account