Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, February 18, 2013

အမေဆိုတာ နှစ်၊ လ၊ ရာသီ

အိမ်ပြန်တဲ့အခေါက်တိုင်း အမေရဲ့ နက်နဲတဲ့မေတ္တာတရားတွေကို အနက်ကောက်ဆိုနိုင်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ အမေရဲ့ စကားတစ်ခွန်းတိုင်း၊ အကြည့်တစ်ချက်တိုင်းက ကျွန်မကို ခံစားချက်ပေါင်းများစွာပေးနိုင်ခဲ့တယ်။

ဒီဇင်ဘာကျောင်းပိတ်ရက်နီးတိုင်း ကျွန်မဆီ အမေတစ်ရက်ခြားတစ်ခါ ဖုန်းဆက်ပြီး မနှစ်ကပိတ်ခဲ့တဲ့ ကျောင်းပိတ်ချိန်ကို မေးနေတတ်ခဲ့တယ်။ တိကျတဲ့ ကျောင်းပိတ်ရက်ချိန်ပေးလိုက်မှ အမေစိတ်ချသွားသလိုမျိုး ကျွန်မရဲ့အိမ်အပြန်လမ်း ဖြောင့်ဖြူးဖို့ ဆုတောင်းပေးနေတတ်တယ်။ ဒီလိုသာမန်ကိစ္စလေးကို မင်ကုန်ခံ ရေးပြစရာမလိုပေမယ့် ကျွန်မအိမ်ပြန်မရောက်ခင် ရှေ့တစ်ရက်မှာ အမေအအေးမိမလို ဖြစ်သွားကြောင်းကို အဖေပြောပြမှ ကျွန်မသိခဲ့ရတယ်။

ကျွန်မအိမ်ပြန်မယ့်ရက်မတိုင်ခင်ကတည်းက အမေဟာ အိမ်ရှေ့ထွက်မျှော်နေတတ်ပြီး ခြေသံကြားတာနဲ့ တံခါးထ,ထ ဖွင့်နေခဲ့လို့ဖြစ်တယ်။ ကျွန်မရဲ့အရိပ်အယောင်ကို မတွေ့ခဲ့လည်း အမေဇွဲမလျော့ခဲ့ဘူး။ တစ်ရက်ရောက်နိုး၊ နှစ်ရက်ရောက်နိုးနဲ့ ကျွန်မအပြန်ကို အမေစောင့်နေခဲ့တယ်။ အဲဒီအချိန်က ချမ်းအေးတဲ့အပြင် အရိုးထိအေးစေတဲ့ နှင်းမွှားလေးပါကျခဲ့တာကြောင့် အအေးကြောက်တဲ့အမေ အအေးမိမတတ်ဖြစ်ခဲ့ရတယ်။ အဖေပြောပြတာတွေ နားထောင်ပြီး ကျွန်မဆွံအခဲ့ရတယ်။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုစကားလုံးမျိုး ကျွန်မထုတ်ဖော်ပြောသင့်သလဲ? မီးဖိုထဲမှာ အလုပ်ရှုပ်နေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်မရုတ်တရက် ခံစားမိလိုက်တယ်။ "အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်"

မှန်ပါတယ်... အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
မျိုးစေ့ပင်ပေါက်ကနေ သစ်ပင်ကြီးအထိဖြစ်ခဲ့တဲ့ရာသီ
မြစ်ချောင်းကနေ ပင်လယ်ကြီးထဲထိ စီးဆင်းခဲ့တဲ့ရာသီ
ကန္တာရကနေ အိုအေစစ်အထိ အရောက်သွားခဲ့တဲ့ရာသီ
ဆင်းရဲဒုက္ခကနေ ပျော်ရွှင်ခြင်းနေ့ရက်ဆီ အရောက်လှမ်းခဲ့တဲ့ရာသီ

ဒီလိုရာသီထဲမှာ ဘယ်လိုလေးနက်တဲ့ အကြောင်းအရာတွေပါမလဲ? ဘယ်လောက်ပါမလဲ?

ကြီးမြတ်ထက်မြက်တဲ့ ကဗျာဆရာကတောင် အဲဒီအရာတွေကို ကဗျာတစ်ပုဒ်အဖြစ် တင်စားပြနိုင်လိမ့်မှာ မဟုတ်သလို သာယာငြိမ့်ညောင်းအသံပိုင်ရှင် အနုပညာသည်လည်း ဖွဲ့သီ၊ ဆိုပြတတ်မှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။ ကျွန်မသိတာတစ်ခုက ကုန်ဆုံးသွားတဲ့ရာသီတွေနဲ့အတူ ပျိုးပင်ပေါက်အရွယ်ကနေ ကလေးဘဝအဖြစ် ကျွန်မတဖြေးဖြေး ကြီးထွားခဲ့တယ်။ ကလေးဘဝကနေ မြီးကောက်ပေါက်အရွယ်၊ အဲဒီကမှ အပျိုအရွယ်အထိ ပန်းပွင့်ရာသီ၊ မိုးရာသီတွေကို ကျွန်မကျော်ဖြတ်ခဲ့တယ်။ ဒီလိုရာသီတွေက ကျွန်မကို မကြာခဏ အောက်မေ့တမ်းတစေတယ်၊ တစ်သက်လုံး အမှတ်ရ ကျေးဇူးတင်နေစေတယ်။

အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
သူဟာ လူ့လောကရဲ့ ဆင်းရဲဒုက္ခကို အများဆုံးခါးစည်းခံသူ၊
မျက်ရည်တွေ အများဆုံးမျိုချသူ၊
မသိနားမလည်ခြင်းတွေကို အများဆုံး သည်းခံခွင့်လွှတ်သူ၊
လေလွင့်စိတ်ဝိညာဉ်တွေကို ဖေးမကူညီသူ အမေ... ကြီးကျယ်မြင့်မြတ်တဲ့ အမေဖြစ်တယ်။

ငယ်ငယ်တုန်းက တစ်ခြားအိမ်က ကလေးတွေ မှောင်နက်မည်းမည်းထဲမှာ နွားကျောင်းဖို့ထချိန် အမေက ကျွန်မကိုကျောင်းတက်ဖို့နှိုးတယ်။ တဖြေးဖြေးကြီးပြင်းလို့ ကျွန်မသန်မာထွားကျိုင်းလာတဲ့အချိန် ကျွန်မအဖော်တွေက ကြီးလေးတဲ့ဝန်ထုပ်တွေ ထမ်းပိုးပြီး အလုပ်ထွက်ရှာကြတယ်။ အမေက ကျွန်မကို ပညာကောင်းကောင်းသင်ယူဖို့ မှာတယ်။ ဘွဲ့ရပြီး အမေ့ကို ကျေးဇူးဆပ်ချိန်ရောက်ခဲ့လည်း အမေက ကျွန်မကို ပညာဆက်သင်ဖို့ အားပေးကူညီခဲ့တယ်။

နှစ်၊ လ၊ ရာသီတွေရဲ့ ကုန်ဆုံးချိန်က အညှာတာကင်းမဲ့ခဲ့တယ်။ အမေရဲ့နုပျိုခြင်းတွေကို မညှာမတာတိုက်စားခဲ့တယ်။ အမေရဲ့နဖူးပေါ်မှာ အစင်းရာတွေ ထွင်းထုခဲ့တယ်။ ဒါဟာ ဘယ်လိုရာသီမျိုးပါလိမ့်? ဒီလိုရာသီမျိုးကို ချစ်ခြင်းမေတ္တာရဲ့သင်္ကေတလို့ ကျွန်မအနက်ကောက်ခဲ့ပါတယ်။

အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
ရာသီတွေက ပြောင်းပြန်မစီးဘူး။
ရာသီတွေမှာ အနားသတ် အဆုံးမရှိဘူး။
အမေရဲ့မေတ္တာကလည်း အဲဒီလို အနားသတ်အဆုံးမရှိဘဲ ကြီးမားကျယ်ပြန့်တယ်။
အမေဟာ တစ်ခါတလေမှာ ကြံတစ်ချောင်းဖြစ်တယ်။
ချိုမြတဲ့ကြံရည်တွေကို သားသမီးတွေစုပ်ယူစားသုံးပြီး အဖတ်တွေစွန့်ခဲ့လည်း သူမမူဘူး။
အမေဟာ တစ်ခါတလေမှာ မြင့်မားတဲ့တောင်တစ်တောင်ဖြစ်တယ်။
သန်မာကြံ့ခိုင်တဲ့ပခုံးနှစ်ဖက်နဲ့ သားသမီးတွေရဲ့နာကျင်ခြင်းတွေကို ကုစားပေးတယ်။

ကျွန်မအတွက်နဲ့ အမေအိမ်နှစ်ခါပြောင်းရွေ့ခဲ့တယ်။ တောရွာကနေ မြို့သစ်၊ မြို့သစ်ကနေ ပိုတိုးတက်တဲ့ မြို့ပေါ်.. ဒီလိုပြောင်းရွေ့တဲ့ အကြောင်းပြချက်က ကျွန်မရှေ့ရေးအတွက်၊ ကျွန်မ ပညာသင်ရလွယ်ကူဖို့ပဲဖြစ်တယ်။ ဒီလို မိဘမေတ္တာက သားသမီးတွေကို ကယ်တင်တဲ့မေတ္တာမျိုးဖြစ်တယ်။ လူလိမ္မာကနေ အသိပညာရှိသူတစ်ယောက်အဖြစ် အမေလမ်းပြခေါ်ဆောင်ခဲ့တယ်။

အမေဟာ သားသမီးတွေရဲ့ ပုခက်
လမ်းပျောက်သူကို ရှေ့ဆောင်လမ်းပြ အလင်းပေးတဲ့ ဓူဝံကြယ်

သားသမီးတွေရဲ့မအောင်မြင်ခြင်းက တောင်အမြင့်ကလှိမ့်ချလိုက်တဲ့ ကျောက်တုံးလိုပဲ ရှုံးနိမ့်ကျဆုံးနေပါစေ အမေက သူ့ခန္ဓာကိုယ်နဲ့ကာဆီးပြီး မေတ္တာတရားနဲ့ ဖေးမကူညီတယ်၊ ချောက်ကမ်းပါးထက်ကို တွဲခေါ်ပြီး အသစ်တဖန် တက်လှမ်းနိုင်ဖို့ အားပေးတယ်။

အနားသတ်အဆုံးမရှိတဲ့ အမေ့မေတ္တာက အမျိုးသမီးတွေရဲ့ ကယ်တင်ရှင်ဖြစ်တယ်။ အမေဟာ လောကီရဲ့ သွေးဆောင်ဖြားယောင်းမှုကြောင့်ဖြစ်ဖြစ်၊ ရှင်သန်ဖို့ ဂုဏ်သိက္ခာကို စွန့်ခဲ့ရတာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချုပ်ချယ်မှုနဲ့ ကာမရာဂလောဘလို့ အစွပ်စွဲခံရချိန်မှာပဲဖြစ်ဖြစ် သားသမီးတွေကို သူသတိရမိတတ်တယ်။ အဲဒီအချိန်မှာ အမေက သားသမီးတွေရဲ့ စံပြအဖြစ်၊ သားသမီးတွေ ကိုယ့်လိုမခံစားရအောင် အင်အားတွေပိုသုံးပြီး ပိုကြိုးစား၊ ပိုရိုးသားပြတတ်ခဲ့တယ်။

ကျွန်မက ကမ္ဘာပေါ်မှာ အထက်မြက်၊ အလိမ္မာဆုံးသမီး မဟုတ်ခဲ့ပေမယ့် အမေက ကမ္ဘာပေါ်မှာ မေတ္တာတရားအကြီးဆုံး၊ ကျွန်မကိုနားလည်မှုအပေးဆုံးနဲ့ အလှပဆုံး မိခင်ဖြစ်ခဲ့ပါတယ်။

အမေက နှစ်၊ လ၊ ရာသီပါ၊
ရာသီတွေက အဆုံးမရှိတဲ့သီချင်းလို... အမေ့မေတ္တာကလည်း အဆုံးမရှိခဲ့ပါဘူး .....


မူရင်းရေးသားသူ -- Lu Sheng-Kuan (http://foz.xuefo.net/show1_20591.htm)

နိုင်းနိုင်းစနေ (Friday, January 01, 2010)
.

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account