Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, February 18, 2013

လျှို့ဝှက်နံပါတ်(၉)

Photo: လျှို့ဝှက်နံပါတ်(၉)
_____________

“ဒီနှစ် ကျွန်မအရမ်းကံကောင်းတာပဲ.. ကလေးတွေက တက်ညီလက်ညီရှိပြီး စကားကိုနားထောင်ကြတယ်။ အထူးသဖြင့် ကျောင်းသားတစ်ယောက်ဆို အရမ်းလိမ်မာတာပဲ။ ကြီးလာရင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်နိုင်တယ်”

ထိုနှစ်က ကျောင်းဖွင့်ပြီး သိပ်မကြာပါ။ ကျွန်မရှေ့တွင်ထိုင်သော ဆရာမဒေါ်ချယ်ရီက ၀မ်းသာအားရ ပြောလာသည်။ နားနေခန်းရှိ ဆရာမများအားလုံး ထိုအပြောကို စိတ်ဝင်စားကြသည်။

ဆရာမဒေါ်ချယ်ရီ၏ ပြောပြချက်အရ ထိုကျောင်းသားမှာ ကျောင်းဖွင့်စတွင် ကျောင်းပတ်ဝန်းကျင်နှင့် မရင်းနှီးသော အတန်းထဲမှ ကျောင်းသားသစ်များအတွက် ကိုယ်တိုင် ကျောင်းမြေပုံဆွဲပြီး လိုက်ဖြန့်ဝေခဲ့ကြောင်း....

“ထီထွင်ဉာဏ် တော်တော်ကောင်းတဲ့ကလေးပဲ။ အတန်းထဲကကျောင်းသားတွေနဲ့လည်း သင့်မြတ်အောင်ပေါင်းတတ်တယ်။ လူချစ်လူခင်များပြီး စိတ်ကြီးမဝင်တတ်ဘူး။ သူ့ကို အတန်းခေါင်းဆောင် ၀ိုင်းမြှောက်ကြတယ်လေ” ဆရာမက ဂုဏ်ယူစွာပြောသည်။ ဆရာမဒေါ်ချယ်ရီမှာ တတိယတန်း(အေ) အတန်းပိုင်ဆရာမဖြစ်သည်။ ကျွန်မမှာ(စီ) အတန်းပိုင်ဖြစ်ပြီး ထိုကဲ့သို့ ထူးချွန်သော ကျောင်းသားနှင့် မကြုံလိုက်ရခြင်းအတွက် နှမြောမိသည်။

ဒေါ်ချယ်ရီမှာ စည်းကမ်းကြီးပြီး အသင်အပြကောင်းသော ဆရာမတစ်ဦးဖြစ်သည်။ ထိုကဲ့သို့ ထူးချွန်လိမ်မာသောအတန်း၏ အတန်းပိုင်ဆရာမဖြစ်ရသည်ကို အားရကျေနပ်သူဖြစ်သည်။ အမြဲတမ်း ထိုကျောင်းသား၏ အကျင့်စရိုက်နှင့် လိမ်မာရေးခြားရှိပုံကို ကျွန်မတို့အားပြောပြတတ်သည်။

“ကျွန်မအတန်းထဲက ဟိုခုံနံပါတ်(၉)လေ....” ဟု အစချီပြီး ပြောလိုက်သော စကားတိုင်းက နားထောင်ရသူအဖို့ အားရကျေနပ်စရာကောင်းလှသည်။ သူ၏လုပ်ရပ်များက အသက်(၇)နှစ်သာရှိသော ကျောင်းသား၏ လုပ်ရပ်များနှင့်ပင် မတူပေ။ အတန်းထဲရှိ ကျောင်းသားများ၏ ထမင်းဘူးမှောက်သွားလျှင် သူ့ထမင်းကို တစ်ဝက်ခွဲပေးခြင်း၊ လဲကျသွားသော ကျောင်းသားကို ၀ိုင်းလှောင်နေကြသော သူများအား ဆိုဆုံးမခြင်း၊ ဆရာမ နေထိုင်မကောင်းသောအခါ ဆရာမကိုယ်စား အတန်းသားများအား ကူထိန်းပေးခြင်းစသည်များကို ဆရာမလိုက်ဖြေရှင်းစရာ မလိုအောင် သူ့ဘာသာပြုလုပ်သွားသည်။ ထိုကလေးနှင့် ပတ်သက်သော ချီးကျူးစကားကို အမြဲကြားရသောကြောင့် ခုံနံပါတ်နှင့်တွဲပြီး သူ့အား ကျွန်မတို့က လျှို့ဝှက်နံပါတ်(၉)ဟုသာ ခေါ်ကြသည်။

ထိုနံပါတ်(၉)မှာ ကူညီတတ်ရုံမက စာလည်းတော်သည်။ တစ်ခါက သူ့စာအုပ်ကို ဒေါ်ချယ်ရီ ယူလာပြဖူးသည်။ စာအုပ်မှာ သပ်ရပ်သန့်ရှင်းပြီး လက်ရေးမှာ ၀ိုင်းစက်နေသည်။ တတိယတန်းကလေး၏ လက်ရေးနှင့်ပင် မတူပေ။

ဆရာမ၏ ပြောပြချက်အရ သူသည် သာမန်မိသားစုမှ ကြီးပြင်းလာသူဖြစ်သည်။ ဖခင်မှာ ၀န်ထမ်းတစ်ဦးဖြစ်ပြီး မိခင်မှာအိမ်ဆိုင်ဖွင့်ထားသည်။ မိဘများက စီးပွားရေး ရုန်းကန်နေရသောကြောင်း သူ့အား အချိန်ပြည့်ဂရုမစိုက်နိုင်ခဲ့ကြပါ။ သို့သော် သူသည် မိမိအသိစိတ်ဖြင့် ထူးချွန်အောင် ကြိုးစားခဲ့သည်။ ဒါကြောင့်လည်း ဆရာမဒေါ်ချယ်ရီက ဂုဏ်ယူစွာချီးမွမ်းခဲ့သည်။

ထိုကျောင်းသားအကြောင်းကို ကြားရတော့ ကျွန်မတို့ဆရာမများ သက်ပြင်းကိုယ်စီချမိသည်။ တတ်နိုင်သော အချို့မိဘများက ကိုယ့်သားသမီး ခေတ်နောက်မကျစေရန်၊ ဘ၀တွင် တာထွက်ကောင်းစေရန် သင်တန်းအမျိုးမျိုး ပိုက်ဆံအကုန်ခံပြီး ပို့ပေးကြသည်။ သို့သော် တစ်ချို့သားသမီးများက မိဘများနှင့် အပေးအယူ မမျှခဲ့ကြ၊ အခွင့်အရေးကို အလွဲသုံးစား လုပ်ပစ်ကြသည်။

သီတင်းကျွတ် ကျောင်းပြန်ဖွင့်တော့ ဆရာမဒေါ်ချယ်ရီက သင်တန်းတက်ဖို့အတွက် ခွင့်တစ်လယူသည်။ ဆရာမအစားထိုး ရှာမရသဖြင့် သူ့အတန်းကိုပါ ကျွန်မတာဝန်ယူရသည်။ သူ့အတန်းကိုသင်ဖို့ ကျွန်မတက်ကြွနေမိသည်။ လျှို့ဝှက်သော နံပါတ်(၉) ကျောင်းသားနှင့် ကျွန်မကိုယ်တွေ့ ဆက်ဆံရမည်သောကြောင့် ဖြစ်သည်။

ပထမအချိန် နာမည်ခေါ်လူစစ်တော့ သူ့ကိုကျွန်မ သေချာကြည့်မိသည်။ အင်္ကျီဖြူအသစ်စက်စက်ကို ၀တ်ထားသော်လည်း ချေးညှော်များဖြင့် ညစ်ပတ်နေသည်။ မှိုင်တွေငေးမောနေပြီး သွက်လက်ဟန် မပြခဲ့ပေ။ ဒီတစ်ယောက်ပဲလား? ဆရာမ အမြဲချီးကျူးတဲ့ ခုံနံပါတ်(၉)ကျောင်းသား? 

သူ့နာမည်နှင့် ခုံနံပါတ်ကို  ကျွန်မပြန်တိုက်ကြည့်သည်။ သေချာပါတယ်... ကောင်းသတင်း အမြဲမွေးခဲ့တဲ့ ခုံနံပါတ်(၉)ကျောင်းသား....ကျွန်မစာစသင်တော့ စာတွေကို ပြန်နွေးပေးရင်း အရင်စာအဟောင်းတွေကို မေးကြည့်သည်။ ကျောင်းသားတိုင်းက အလုအယက် ဖြေဆိုကြသည်။ ခုံနံပါတ်(၉)ကျောင်းသား၏ အဖြေကို ကျွန်မစောင့်မျှော်မိသည်။ သို့သော် အတန်းစတက်သည်မှ ဆင်းသည်အထိ ငေးငိုင်နေပြီး ထိုင်နေရာမှ မရွေ့ခဲ့ပါ။ အားဖျော့သော မျက်လုံးဖြင့် အင်္ကျီပေါ်က ကြယ်သီးကိုသာ စူးစိုက်ကြည့်နေသည်။

ဆရာမပြောထားတာနဲ့ တစ်ခြားစီပါလား? ကျွန်မတို့ အထင်ကြီးအောင်၊ သူ့အတန်းနာမည်ကောင်း ရဖို့အတွက် တမင်ပြောတာလား? ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်မိသည်။

ဆရာမတစ်ဦး၏ လုပ်သက်နှင့် အတွေ့အကြုံအရ တပည့်တစ်ဦး၏ အရည်အချင်းကို အချိန်တိုတိုအတွင်းး အကဲခတ်ဖို့ရာ မခဲယှဉ်းလှပါ။ ကျွန်မစာသင်နေချိန်အတွင်း သူသည် အခြားကျောင်းသားများကို နှောင့်ယှက်ခြင်း၊ အခြားသူများ၏ ပစ္စည်းများကို လုယူခြင်း၊ ရန်စပြီး ၀န်မခံတတ်ခြင်း၊ အခြားကျောင်းသားများကို ရန်ရှာနေတတ်ခြင်းများကို သူပြုလုပ်နေတတ်သည်။ ကျွန်မအလွန်သည်းခံပြီး သူ့ကို ဆိုဆုံးမဖူးသည်။ ဘာကြောင့် သူ့အပြုအမှုများက ဆရာမဒေါ်ချယ်ရီနှင့် ကျွန်မကြားတွင် အခြားနားကြီး ခြားနားနေပါလိမ့်...?

ဆရာမဆီက ဖုန်းလာတိုင်း “ကျွန်မအတန်းက ကလေးတွေ လိမ်မာရဲ့လား? အဆင်ပြေရဲ့လား?” ဒါကိုပဲ ဆရာမကမေးခဲ့သည်။ ဆရာမဆီက ဘာတစ်ခုမှ လျှို့ဝှက်ဖုံးကွယ်ထားဟန်၊ မသင်္ကာဟန် မပြခဲ့ပါ။ ထိုကျောင်းသားနှင့် ပတ်သက်ပြီး ဆရာမကို ကျွန်မအကျိုးအကြောင်း မမေးရဲခဲ့။ တစ်ခြား ဆရာမများကိုလည်း ထိုကျောင်းသား၏အဖြစ်ကို ကျွန်မရင်မဖွင့်ရဲခဲ့။ ကျွန်မကပဲ အသင်အပြ မကျွမ်းကျင်လို့လား၊? သူနားလည်အောင် မရှင်းပြတတ်လို့ပဲလား? ဒီကလေး ကျွန်မကိုများ ပညာစမ်းနေသလား? ယုံမှား သံသယစိတ်များက ကျွန်မအား ၀ါးမြိုမိမတတ် ခံစားမိသည်။

ဒေါ်ချယ်ရီ အတန်းကိုသင်ဖို့ ခေါင်းမညိတ်ခဲ့မိရင် အကောင်းသားဟု တစ်ခါတရံ ကျွန်မနောင်တရမိသည်။ ကျွန်မ မသင်ခဲ့မိလျှင် နံပါတ်(၉)နှင့် ပတ်သက်ပြီး သူ၏ကောင်းသတင်းများကိုသာ ကျွန်မကြားရဦးမည်။ ကျွန်မစာသင်တိုင်း အနှောင့်အယှက် တစ်မျိုးမဟုတ်တစ်မျိုး ပေးတတ်သော သူကြောင့် မကြာခဏ ကျွန်မဒေါသထွက်စရာ မလိုတော့။ ကိုယ်တွေ့သင်မိကာမှ အထင်နှင့်အမြင်မှာ လုံးဝကွဲပြားနေခဲ့သည်။ ကျွန်မလာသင်မှ ဒီကလေးပျက်စီးသွားမည်ဆိုလျှင် ဆရာမများကြား ကျွန်မလည်း မျက်နှာပန်းလှတော့မည် မဟုတ်။ အရာတိုင်းက ကျွန်မ၏ အသင်အပြမကောင်းသော အားနည်းချက်သာဖြစ်ခဲ့ပါလျှင် ထိုအားနည်းချက်ကို ကျွန်မကောင်းကောင်း ပြုပြင်ရဦးမည်။

သို့နှင့် သူ့အား အခြားကျောင်းသားများထက် ကျွန်မအချိန်ယူပြီး အားသွန်ခွန်စိုက်သင်ခဲ့သည်။ အားလပ်ချိန်များတွင် သူ့အား ကျွန်မအနားသို့ခေါ်ပြီး စကားပြောခြင်း၊ သူတစ်ပါးအား ကူညီတတ်အောင် သင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ အတန်းသားများအား ကျွန်မမေးခွန်းတစ်ခု မေးတိုင်း သူ့အဖြေကို စောင့်မျှော်နေဟန်ဖြင့် သူ့အားစောင်းငဲ့ကြည့်မိသည်။ သို့သော် ဖြေဖို့အလုအယက် လက်မြှောက်ကြသော ကလေးများထဲတွင် သူမပါခဲ့ပေ။

တစ်ရက်တွင် နံပါတ်(၉)မှ အမှတ်မထင် မြှောက်လိုက်သော လက်ကိုကြည့်ပြီး ကျွန်မမှာ ထီပေါက်သောသူကဲ့သို့ ၀မ်းသာပျော်ရွှင်မိသည်။ သူဖြေလိုက်သော အဖြေမှာလည်း ကျွန်မထင်ထားတာထက်ပင် အချက်အလက် စုံညီခဲ့သည်။ သြဘာသံများက တစ်တန်းလုံးကို လွှမ်းသွားခဲ့သည်။ ဒါကြောင့် ဆရာမဒေါ်ချယ်ရီ အမြဲချီးမွမ်းနေတတ်ဖြစ်မည်။ ဒီလိုနှင့် ကျွန်မတို့နှစ်ဦးကြား အပြန်အလှန် ဆက်ဆံမှုက နွေးထွေးစွာပြောင်းလဲခဲ့သည်။ ကျွန်မစာသင်ချိန်တွင် စိတ်ဝင်တစား နားထောင်တတ်လာပြီး သင်သမျှစာကိုလည်း မှန်မှန်လုပ်လာတတ်သည်။ ရှိရင်းစွဲ သူ့အရည်အချင်းများက တဖြေးဖြေးသိသာလာခဲ့သည်။ ထိုအခါမှ ကျွန်မလည်း သက်ပြင်းချနိုင်တော့သည်။ သို့မဟုတ်လျှင် စာရိတ္တကျောင်းသားတစ်ဦး ကျွန်မလက်ထဲရောက်မှ ပြဿနာကျောင်းသား ဖြစ်ခဲ့ပါလျှင် ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ။ ကျွန်မ၏ ဂရုစိုက်မှုများက ထိုနံပါတ်(၉) ကျောင်းသားအပေါ် အခြားကျောင်းသားများထက်ပင် ပိုလွန်းနေသည်။ ကျောင်းသားကောင်းတစ်ဦးအပေါ် ဒီလောက်ဂရုစိုက်မှုကလည်း ရှိသင့်သည်ဟု ကျွန်မထင်သည်။

ခွင့်ရက်စေ့ပြီး ဆရာမဒေါ်ချယ်ရီ ပြန်ရောက်လာသည်။ ဆရာမကို တွေ့တွေ့ချင်း ကျွန်မမှာဝမ်းသာအားရ ဖောက်သည်ချမိသည်။

“ကလေးတွေ လိမ်မာလိုက်ကြတာ။ ဟိုကျောင်းသားလေးဆို ဆရာမ ချီးကျူးတာ လိုတောင်လိုနေသေးတယ်။ ထူးချွန်တာမှ အရမ်းပဲကွယ်”

ကျွန်မစကားကို ကြားတော့ ဆရာမ စက္ကန့်သုံးဆယ်မျှ ကျွန်မကို ကြောင်ကြည့်နေသည်။ ကျွန်မပြောသမျှကို နားမလည်ဟန် ပြခဲ့သည်။

“ဆရာမအမြဲပြောတဲ့ ဟိုခုံနံပါတ်(၉) ကျောင်းသားလေးလေ။ ကြီးလာရင် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်မယ်ဆိုတဲ့ ကလေးလေးလေ”
“ ဘယ်က ခုံနံပါတ်(၉)ကလေးလဲ..?”

ဒေါ်ချယ်ရီမှာ တအံ့တသြဖြင့် ကျွန်မကို ပြန်မေးသည်။ နောက်မှ တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့်...

“အော်.. အဲဒီကလေးလား..? သူ့အဖေ နယ်ပြောင်းရမယ်ဆိုလို့ သီတင်းကျွတ် ကျောင်းမပိတ်ခင်ကတည်းက ပြောင်းသွားပြီလေ။ နောက်ယောက်ျားလေးအသစ်တစ်ယောက် ရောက်လာလို့ အဲဒီခုံမှာပဲ ထိုင်ခိုင်းခဲ့တာ။ အသစ်ပြောင်းလာတဲ့ကလေးက တော်တော်ဆိုးတယ်။ အမြဲရန်လိုနေတတ်တယ်။ အတန်းထဲက ကလေးတွေ သူနဲ့အခေါ်အပြောနည်းကြတယ်။ တစ်ခြားဘာသာ သင်တဲ့ ဆရာမတွေ ကျွန်မရောက်လာတာနဲ့ သူ့အကြောင်းတိုင်ကြတယ်။ ဆရာမတစ်ယောက်ပဲ သူ့ကိုချီးကျူးတာ။ ဒါလား သူ့စာအုပ်? မယုံနိုင်စရာပဲ။ ပြောင်းလာစ သူ့စာအုပ်က အဖုံးတောင် မရှိပါဘူး။ တစ်လအတွင်း ဆရာမ ဘယ်လိုသင်လိုက်တာလဲဟင်?”

ဗလာစာအုပ်ကို မယုံနိုင်စွာ လှန်ကြည့်ရင်း ဆရာမဒေါ်ချယ်ရီ ပြောသည်။ ကျွန်မကို ၀ါးမြိုမတတ်ဖြစ်ခဲ့သော သံသယစိတ်များက အခုမှ ကင်းစင်လာခဲ့သည်။ အော်... မတူညီခဲ့ကြတဲ့ လျှို့ဝှက်နံပါတ်(၉)တွေကိုး။ ဇာတ်ရည်လည်လာမှ ကျွန်မ အားရကျေနပ်စွာ ပြုံးမိသည်။ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကိုလည်း ဆရာမအား ကျွန်မ ရှင်းပြမနေချင်တော့။ ဒါဟာလည်း ကျွန်မနှင့် ကျွန်မအတွက် လျှို့ဝှက်ချက်သာဖြစ်သည်။

ဉာဏ်ကောင်းထူးချွန်သော ကျောင်းသားတစ်ဦးကို ချီးကျူးတာထက် ဆိုးသွမ်းသောကျောင်းသားတစ်ဦးကို ပြုပြင်ပြောင်းလဲနိုင်လိုက်ခြင်းကို ကျွန်မပိုဂုဏ်ယူမိသည်။ နွံနစ်နေသော အဖိုးတန် ပတမြားတစ်လုံးအတွက် အညစ်အကြေးကို သန့်စင်ပေးသော ရေကြည်တစ်ပေါက်ဖြစ်အောင် ကျွန်မကြိုးစားရဦးမည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ကလေးတိုင်းသည် လျှို့ဝှက်နံပါတ်(၉) ဖြစ်နိုင်ကြောင်း ကျွန်မမျှော်လင့်မိသည်။

မူရင်းရေးသားသူ -- Zou Duì Lián  (ထိုင်ဝမ် ကလေးစာပေစာရေးဆရာ)၏ စာတစ်ပုဒ်အား ဆီလျော်အောင် ဘာသာပြန်သည်။

နိုင်းနိုင်းစနေ (Friday, April 04, 2008)
.

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account