Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, February 18, 2013

တစ်ခါတုန်းက နွေရာသီ

Photo: တစ်ခါတုန်းက နွေရာသီ
________________

နွေရောက်တော့မယ်။ စာမေးပွဲတွေဖြေပြီး ကျောင်းပိတ်ရင် နွေရောက်ပြီတဲ့။ ရွာရဲ့နွေရာသီက ပူပြင်းခြောက်ကပ်လွန်းတယ်။ ပုစဉ်းရင်ကွဲသံနဲ့ ဥသြဌက်ရဲ့လွမ်းတေးသံက လူကိုပိုပြီး ပျင်းရိစေတယ်။ ဖုန်ထူထူ နေပူပူအောက်မှာ သစ်ပင်တွေက လက်ပမ်းကျလို့။ လူနဲ့ အကောင်တွေက အရိပ်ကောင်းတဲ့ အပင်အောက်မှာ ငိုက်မြည်းလို့။ ရွာရဲ့နွေက နှိုင်းပြစရာမရှိအောင်ဘဲ ရေဆာလွန်းတယ်။

ရွာရဲ့နွေကျောင်းပိတ်ရက်က မြို့ကြီးပြကြီးမှာလို့ တက်စရာ ကျူရှင်သင်တန်းတွေ မရှိပါဘူး။ နွေရာသီရောက်ရင် မနက်ည အိမ်အလုပ်တွေကူလုပ်ပြီးရင် ကျွန်မ အိပ်နေတတ်တာများတယ်။ စားလိုက်အိပ်လိုက်နဲ့ တဖြည်းဖြည်း ပြည့်ဖြိုးလာတဲ့ ကျွန်မကို အမေကကြည့်မရဘူးထင်ပါရဲ့ နွေရာသီရောက်ရင် မုန့်လက်ဆောင်းရောင်းဆိုတဲ့အကြံကို အတင်းအဓမ္မ ပေးပါတော့တယ်။

အဲဒီတုန်းက ကျွန်မဟာ အပျိုဘောင်ဝင်စ အရွယ်ပါ။ လေရှုးနဲ့အတူ ကြွေသွားတဲ့ သစ်ရွက်တွေကိုငေးရင်း စိတ်ကူးတွေ ဟိုဒီလွင့်ဝဲတတ်တဲ့ အရွယ်၊ လေပွေတချက်ဝှေ့လိုက်ရင် ရင်သိမ့်ခနဲခုန်တတ်တဲ့အရွယ် ရွာလယ်ခေါင်မှာ ကျွန်မ မုန့်လက်ဆောင်း ဘယ်ရောင်းရဲမလဲ။ မတော် ကျွန်မကို ကြိုက်နေတဲ့လူ၊ ကျွန်မက ခိုးကြိုက်နေတဲ့လူ တွေ့သွားရင် ရှက်စရာ မဟုတ်လား။ အမေကတော့ ကျွန်မအရှက်ကို ဂရုမစိုက်ခဲ့ဘူး။ မုန့်လက်ဆောင်းလုပ်ဖို့ ရှမ်းဆန်ကို ဗမာဆန်နဲ့ သွားလဲခဲ့တယ်။ အချိုရည်ထည့်ဖို့ မြေအိုးတွေဝယ်၊ ကြံသကာ ထန်းလျှက်တွေဝယ်၊ မုန့်လက်ဆောင်းထဲထည့်တဲ့ အမွေးနံ့ဆိုတဲ့ ဆေးရည်နီနီတွေဝယ်နဲ့ အလုပ်ရှုပ်နေတော့တယ်။

နောက်ရက်တွေမှာတော့ စားပွဲခုံ အသေးတစ်လုံးနဲ့ အချိုရည်ထည့်ထားတဲ့ မြေအိုးကိုရွက်၊ နှုတ်ခမ်းကို ထော်နိုင်သမျှထော်၊ မျက်နှာကိုစူပုပ်ပြီး အမေ့နောက် ကျွန်မတွန့်ဆုတ်တွန့်ဆုတ်နဲ့ လိုက်ခဲ့ရတယ်။ အိမ်နဲ့ ၂ ခြံကျော်လောက်က အရိပ်ကောင်းတဲ့ မန်ကျည်းပင် သရက်ပင်တန်းကြားမှာ အမေက ဆိုင်လေးခင်းပေးတယ်။ ဆိုင်က အမိုးမရှိ အကာမရှိ ရိုးရိုးလေးပါ။ ငယ်ငယ်တုန်းက အိုးပုတ်ဆော့တမ်းတောင် မကစားခဲ့တဲ့ကျွန်မ မုန့်လက်ဆောင်းကို ဘယ်လိုများရောင်းရပါ့မလဲ။

ပထမဦးဆုံးလာအားပေးကြတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေကို အခုထိ မှတ်မိပါသေးတယ်။ ဈေးဦးမပေါက်ဘဲ စိတ်ညစ်နေမှာစိုးလို့၊ သူစိမ်းတွေ လာဝယ်ရင် လက်တွေတုန်ပြီး မထည့်တတ်မှာစိုးလို့တဲ့။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ သူငယ်ချင်းတွေလဲနော်။

ပိုက်ဆံတွေမြင်တော့ လူပီပီ ရောင်းရတာ ကျွန်မပျော်လာတယ်။ ပိုပျော်တာက ကျွန်မမုန့်ရောင်းတဲ့ ဆိုင်နောက်က ရှေ့နေအိမ်မှာ ကာတွန်းစာအုပ်တွေငှားဖတ်လို့ ရတယ်ဆိုတာပါပဲ။ အမေက ကျွန်မကာတွန်းဖတ်ရင် မကြိုက်ဘူး။ တွေ့ရင် ဆွဲဆွဲဆုတ်ပစ်တတ်လို့ သူငယ်ချင်းတွေကြားမှာ မျက်နှာပူရပေါင်းလဲများပြီ။ လျော်ရပေါင်းလဲ မနည်းတော့ဘူး။ အခုတော့ ရေကန်အသင့် ကြာအသင့်လို့ ဆိုရမလား.. စားရကံကြုံ မုတ်ဆိတ်ပျားဆွဲလို့ ပြောရမလား။ ကာတွန်းစာအုပ်တွေကို အမေ မသိအောင် နွေရာသီရောက်တိုင်း မုန့်လက်ဆောင်း ရောင်းရင်း ကျွန်မဖတ်နေခဲ့ရတယ်။ နွေရောက်တိုင်း အမေ မပြောခင် “အမေ ဒီနှစ်လဲ မုန့်လက်ဆောင်းရောင်းမယ်နော်” လို့ ကျွန်မအရင် တောင်းဆိုတတ်ခဲ့တယ်။ အမေကတော့ ငါ့သမီးလိမ္မာလာပြီလို့ ထင်နေမလားပဲ။ ကာတွန်းဇာတ်ကောင်တွေနဲ့ စိတ်ကူးယဉ်နေတတ်တဲ့ မနှုးမနပ် ကျွန်မ အတွေးတွေကိုတော့ အမေ မမြင်ခဲ့ဘူးလေ...

တကယ်တော့ မုန့်လက်ဆောင်းရောင်းမှ ကျွန်မတို့အတွက် ညနေစာ ဆန်ရှိတာ မဟုတ်ပါဘူး။ နွေရာသီမှာ အားလပ်နေတဲ့ ကျွန်မကိုစိတ်မလေအောင်၊ အကျိုးရလဒ်တစ်ခုခုကို ခံစားတတ်အောင် မုန့်လက်ဆောင်းရောင်းစေခဲ့တဲ့ အမေ့ရဲ့စေတနာတွေပါ။ အမေကြောင့်ပဲ ကျွန်မရဲ့ပြန်မရနိုင်တော့တဲ့ ငယ်ဘ၀အတိတ်က အမှတ်တရတွေနဲ့ လှပခဲ့တယ်။ အမေ့ကြောင့်ပဲ ကျွန်မရဲ့နွေရာသီက စိတ်ကူးအညှောင့်တွေ ပေါက်ခဲ့တယ်။ အမေ့ကြောင့်ပဲ ကျွန်မရဲ့တစ်ခါတုန်းက နွေရာသီကို အခုလို ချရေးနိုင်ခဲ့တယ်။ ပြန်ပြောင်းအောက်မေ့မိရင် လွမ်းတသသပါပဲ။ မွေးချင်းတူတဲ့ ကျွန်မအစ်မနဲ့ ညီမတွေတောင် မခံစားခဲ့ရဖူးတဲ့ အမှတ်တရလေးတွေပါ။

တစ်ခါတုန်းက နွေရောက်တိုင်း ဟဲကယ်ရွာရဲ့ ရွာမြောက်ပိုင်းက အရိပ်ကောင်းတဲ့ မန်ကျည်းပင်နဲ့သရက်ပင်တွေကြားမှာ မုန့်လက်ဆောင်းရောင်းပြီး ကာတွန်းစာအုပ်ကို သဲကြီးမဲကြီး ဖတ်နေတဲ့ ကောင်မလေးတစ်ယာက်ကို မြင်ဖူးခဲ့ရင် အဲဒီကောင်မလေးဟာ ကျွန်မ နိုင်းနိုင်းစနေပဲဖြစ်ပါတယ်။

နိုင်းနိုင်းစနေ (Friday, March 16, 2007)

(အပျင်းပြေဖတ်ဖို့ ကျွန်မရဲ့ဘဝအပိုင်းအစတချို့း)
.

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account