Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

ဝတ်စားဆင်ယင်သတိယှဉ်


၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် (၅၅)ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ဝရက် (တနင်္ဂနွေနေ့) တွင် လော့စ်အိန် ဂျလိစ်မြို့ စတတ်ဖယ်လ် စင်တာ၌ ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းအခမ်း အနားသို့ တက်ရောက်မည့် အနု ပညာရှင် များသည် ခန္ဓာကိုယ် အစိတ်အပိုင်း များကို လုံခြုံစွာ


ဖုံးအုပ်ထားသော အဝတ် အစားများ ဝတ်ဆင် ကြရန်နှင့် ခန္ဓာကိုယ်ကို အတိုင်းသား မြင်တွေ့ စေနိုင်သော ပါးလွှာသည့် အဝတ်အစား ဒီဇိုင်းများ ဝတ်ဆင်ခြင်းမှ ရှောင်ရှားပေးနိုင် ကြပါရန် ၎င်းအခမ်း အနားကို တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်မည့် စီဘီအက်စ် ရုပ်သံလိုင်းက အနု ပညာရှင် များကို မေတ္တာရပ်ခံ ထားကြောင်း သတင်း ဖတ်ရှုရသည်။
ထိုအခါ ''အစား၌ လျှပ်ပေါ် လော်လည်ခြင်း၊ အဝတ် တန်ဆာ၌ လျှပ်ပေါ် လော်လည်ခြင်း၊ ယောက်ျား တစ်ပါး၌ လျှပ်ပေါ် လော်လည်ခြင်း၊ ဥစ္စာကို တပ်မက်၍ လျှပ်ပေါ် လော် လည်ခြင်း၊ အသွား အလာ၌ လျှပ်ပေါ် လော်လည်ခြင်း'' ဟူသော မိန်းမတို့၏ လော်လည်ခြင်း ငါးပါးအနက် အဝတ် တန်ဆာ၌ လော်လည်ခြင်း မရှိစေရန် မေတ္တာ ရပ်ခံသော သတင်းဖြစ်၍ မုဒိတာ ပွားမိသည်။ တစ်ဆက်တည်းပင် မြန်မာ နိုင်ငံတွင် ကျင်းပသော ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ၊ တေးဂီတ ပြိုင်ပွဲများနှင့် Show ပွဲများ စသည် တို့ကို မြင်ယောင်မိသည်။ ''ထိုပွဲများကို တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်သော ရုပ်သံလိုင်းများ၊ ပွဲစီစဉ်သူများ၊ ကူညီပံ့ပိုး ကြသူများ၊ ဒီဇိုင်နာ များကလည်း ဤကဲ့သို့ မေတ္တာ ရပ်ခံကြ လျှင် ကောင်းလေစွ''ဟု တွေးမိသည်။
စင်စစ် မြန်မာတို့သည် အဆင့်အတန်း မြင့်မားသော ကိုယ်ပိုင် အမျိုးသား ယဉ်ကျေးမှု ရှိပြီး ဖြစ်သည်။ မြတ်ဗုဒ္ဓ အဆုံးအမနှင့် အညီ ဟီရိသြတ္တပ္ပ တရား လက်ကိုင်ထားကြ သူများ ဖြစ်သည်။ သို့သော် မျက်မှောက်ခေတ် မြန်မာတို့၏ (အထူးသဖြင့် လူငယ်တို့၏) ဝတ်စား ဆင်ယင်မှု များမှာ မြန်မာ့ ယဉ်ကျေးမှုကို မျက်ကွယ် ပြုလာကြောင်း အမှန် အတိုင်း ဝန်ခံ ရပေမည်။ ဝတ်ဆင်မှုနှင့် ပတ်သက်၍ ''တောင်းမှာအကွပ်၊ လူမှာအဝတ်'' ဟူသော လမ်းညွှန် ဆိုရိုးရှိပြီး ဖြစ်ရာ ''အနားကွပ် ရှိသော တောင်းသည် သေသပ်ခိုင်ခံ့ သကဲ့သို့ အရာဌာန အလိုက် သင့်တင့် လျောက်ပတ်သော အဝတ်ကို ဝတ်သောသူသည် တင့်တယ် ခံ့ညားသည်'' ဟူသည့် ဆိုလိုရင်းကို ဂဃနဏ သိရှိ လိုက်နာကြရန် လိုသည်။ ထို့ပြင် ''သည်ခရီးနှင့် သည်ထီး၊ သည်လမ်းနှင့် သည်ပန်း''၊ ''အဆင် မတတ်လျှင် ဆန်းလျက်နှင့် မလှ၊ အငင် မတတ်လျှင် ပန်းလျက်နှင့် မရ'' စသော သတိပေးမှု များကိုလည်း သိရှိ လိုက်နာကြရန် လိုအပ်သည်။
ဝတ်စား ဆင်ယင်ရာတွင် သံဃာတော် များသည် ''ချမ်းပူကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေလွဲသုန်၊ ဟီရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းသုံးဆောင် ပါသတည်း'' ဟု သင်္ကန်း ဝတ်ရုံမှုကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ ဝတ်ရုံရသည်။ ယောဂီများ သည်လည်း ''ဤအဝတ် အထည်တို့ကို တင့်တယ် လှပအောင် ဝတ်ဆင်ခြင်း မဟုတ်ပါ။ ဖုံးလွှမ်းသင့်သည့် ကိုယ်အင်္ဂါ တို့ကို ဖုံးလွှမ်းနိုင်ရန်၊ ကျန်းမာရေး မပျက်ရအောင် အပူအအေး ဒဏ်ကိုကာကွယ် တားဆီးနိုင်ရန်၊ မှက်၊ ခြင်၊ ယင်၊ မြွေ၊ ကင်း၊ သန်းတို့ မထိပါး၊ မကိုက်ခဲ နိုင်စေရန်နှင့် အနေအထိုင် မျှတ ကျန်းမာရေး ရ၍ မြတ်ဗုဒ္ဓ ညွှန်ကြား ဆုံးမတော် မူသော သီလ၊ သမာဓိ၊ ပညာသိက္ခာ သုံးပါးကို ကြိုးစားဖြည့်ကျင့် နိုင်စေရန် ဝတ်ဆင်ခြင်း ဖြစ်ပါသည်'' ဟု ပစ္စ ဝေက္ခဏာ ဆင်ခြင်ရသည်။
လောကီ လူသားများ ကမူ ပစ္စ ဝေက္ခဏာ တင်လေ့ မရှိသော်လည်း အရှက်လုံရုံ မျှမက တင့်တယ်စေရန် ဝတ်ဆင်ရာ၌ ဟီရိ သြတ္တပ္ပ တရား နှစ်ပါးကို မျက်ကွယ်ပြု၍ မရပါ။ ဤသည်မှာ မဖြစ်မနေ လိုက်နာရမည့် အဓိက စည်းကမ်းပင် ဖြစ်သည်။ သို့သော် မျက်မှောက် ခေတ်တွင် ရှေ့ကွဲ၊ နောက်ကွဲ၊ အလယ်ကွဲ၊ ထိုင်လျှင် မလုံခြုံ၊ အပေါ် လှမ်းတက် လျှင် စိတ်မချရ၊ ရှေ့ဟိုက်၊ နောက်ဟိုက်၊ ရှေ့သို့ပင် မငိုက်ရဲ၊ ပေါင်ပေါ်၊ တစ်ခြမ်းပေါ်၊ ရင်လွှမ်းမပါ ဝတ်ဆင် နေကြသည်မှာ မမြင်ချင်အဆုံး ဖြစ်နေသည်။ မြန်မာ့ရိုးရာ အတာ သဘင်တွင် အကဲဆုံး ဖြစ်နေသည်။
နှဲကြိုး ဆရာတော် ပြုစုသော ဝဋ္ဋဘေဒနီ ကျမ်းတွင် ''စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ဝိဇာယတိ။ စက္ခု- ပသာဒကြည်၊ ဌာနမှီ၍ ထိုဤကြည့်ရှု၊ နာမ်စက္ခုသည် ရူပေန-အလိုအကြိုက်၊ ကိုယ်စရိုက်မှာ၊ ထိခိုက်တိုက်ဆုံ၊ ရူပါရုံနှင့် သံဝါသာ- အကြောင်းတော်ရင်း၊ ပေါင်းဖော်ခြင်းကြောင့်၊ ရာဂပုတ္တံ-လောဘမူအလား၊ တူမခြားဘဲ၊ လိုလားတတ်လှ၊ သားရာဂကို၊ ဝိဇယတိ- ပိုက်သိမ်းနေ့ည၊ မငြိမ်းရအောင်၊ ထိန်းမပစေ၊ ဖွားမြင်လေ၏'' ဟု ဖွင့်ဆို ထားသည်ကို မမေ့သင့်ပေ။ မြတ်ဗုဒ္ဓက ''ပါပသ္မိံရ မတိမနော'' ဟု ဟောကြား ခဲ့သည်ကိုလည်း နှလုံးသွင်းရန် လိုအပ်သည်။ သာမန် အန္ဓပုထုဇဉ် မဆိုထားဘိ နဝက နိပါတ်တော်လာ ဈာန်ရသော ဟရိတစ ရသေ့သည် ပင်လျှင် ဗာရာဏသီပြည် မိဖုရား ကြီး၏ ဝိသဘာဂ အာရုံကို မြင်လိုက်သည်နှင့် ဈာန်လျှောပြီး မိဖုရားကြီးနှင့် မှားယွင်း ခဲ့ပေသည်။ မထိတွေ့မီ စိတ်နောက် ကိုယ်ပါသည်မှာ သင်ခန်းစာ ယူစရာပင်။
Fashion Show များတွင် ဒီဇိုင်နာ များက တီထွင်ဖန်တီး ပြကြသည်မှာ အနုပညာ ရှုထောင့်မှ ကြည့်လျှင် အားရဖွယ်ပင်။ သို့သော် ဟီရိ သြတ္တပ္ပကို အလေးထားသော လူမှု ဝန်းကျင်တွင် Show ပွဲ၌ ဝတ်ဆင်သော Fashion ရာနှုန်းမည်မျှ အသုံး တည့်မည်ကို ဆန်းစစ်ရန် လိုအပ်သည်။ ခန္ဓာကိုယ် အလှအပကို လိုအပ်သည်ထက် ဖော်ပြလျှင် ''ယိုသူမရှက်၊ မြင်သူရှက်'' ရတော့မည်။ ထို့ထက် ကာမဂုဏ် အာရုံကို လှုံ့ဆော်သည့် အဆင့် ရောက်သွား လျှင် ရင်လေးစရာပင်။
မြတ်ဗုဒ္ဓက ဣတိဝုတ် ပါဠိတော် သုက္ကဓမ္မ သုတ်တွင် ''အရှက်အကြောက် မရှိလျှင် ဖြူစင်သော တရားမရှိ၊ အရှက်အကြောက် ရှိသူတို့၏ မြတ်သောအကျင့် ပြန့်ပွား၍ ကိလေသာမှ ငြိမ်းအေး၏'' ဟု ဟောကြားတော် မူခဲ့ရာ အရှက်အကြောက် ကိန်းဝပ်သူသာ ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာ ကောင်းကျိုး ရနိုင်ပေသည်။ ဤတွင် ငါးရာငါးဆယ် နိပါတ်မှ ''သုဓာဘောဇန ဇာတ်တော်'' ကို အကျဉ်းချုပ် ဖော်ပြလိုသည်။ ''အာသာ၊ သဒ္ဓါ၊ သီရိ၊ ဟီရိ'' ဟူသော သိကြားမင်း၏ သမီးတော် လေးပါး ကနာရဒ ရသေ့မြတ် ထံမှ ပင်လယ် ကသစ်ပွင့်ကို တောင်းရာ'' အမြတ်ဆုံး သူကို ပေးမည်'' ဟု ပြောသဖြင့် ဖခင်၏ အကြံပေးချက် အတိုင်း အမြတ်ဆုံး သူကိုသိရန် ကောသိယ ရသေ့မြတ် ထံမှ ဓားဦးကို တောင်း ကြသည်။ ရသေ့မြတ်က နတ်သမီး တစ်ဦးစီ၏ စိတ်ထားကို စိစစ်ပြီး အမည်နှင့် လိုက်ဖက်အောင် အရှက်တရား စောင့်ထိန်းသူ ဟီရိ နတ်သမီးကို အမြတ်ဆုံး အဖြစ် ရွေးချယ်ကာ ဓားဦး ပေးလိုက်သည်။ ထို့ကြောင့် ဟီရိ နတ်သမီးသည် နာရဒ ရသေ့မြတ် ထံမှ ပင်လယ် ကသစ်ပွင့် ကိုလည်း ရရှိခဲ့သည်။ သို့ဖြစ်ရာ ဟီရိဟူသော အရှက် တရားသည် အမြင့်မြတ်ဆုံး ဖြစ်ကြောင်း သိသာ ထင်ရှားသည်။ ထို့ကြောင့် ဘိုးဘွားများက ''အရှက်ရှိမှ အကြောက်ရှိမည်'' ဟူသော ဆိုရိုးစကား ထားခဲ့ကြခြင်း ဖြစ်သည်ကို သိရှိလိုက်နာ ကြရမည်။
မျက်မှောက်ခေတ်တွင် IT နည်းပညာများ အရှိန် အဟုန်ဖြင့် တိုးတက် လာသဖြင့် ကမ္ဘာကြီးသည် ရွာကြီး တစ်ခုသဖွယ် ဖြစ်လာသည်။ Globalization သဘောအရ ယဉ်ကျေးမှု များ ယခင်ကထက် ရောယှက်လာသည်။ အမျိုးသားရေး ကိုယ်ခံအား မကောင်းလျှင် အမျိုးသား ယဉ်ကျေးမှု စံနှုန်းများ ပျက်သုဉ်း သွားပေမည်။
တိုင်းတစ်ပါး ယဉ်ကျေးမှု ဝါးမျိုမခံ ရစေရေး နိုင်ငံသား အားလုံးက အမျိုးသားရေး အမြင်ဖြင့် ဘက်စုံ ထောင့်စုံမှ အလေးထား ဆောင်ရွက် သွားကြရန် လိုအပ်သည်။
ထို့ကြောင့် လျှပ်ပေါ် လော်လည်သော ဝတ်စားဆင်ယင် ထုံးဖွဲ့ ခြယ်သမှုများ မပြုလုပ်ဘဲ ဣနြေ္ဒသိက္ခာ ရှိသော ဝတ်စားဆင်ယင် ထုံးဖွဲ့ ခြယ်သမှုများ ပြုလုပ်ကာ လောက ပါလ တရား နှစ်ပါး ထွန်းကားအောင် ဆောင်ရွက်ကြရန် ဆင်ခြင်တွေးဆ မိသမျှ တင်ပြ လိုက်ရပေသည်။

Written by  ရွှေကူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account