Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

ဦးနှောက်နဲ့တူတဲ့ ကွန်ပျူတာများ


အင်မတန်ကြီးမားတဲ့ တွက်ချက်မှုတွေပြုလုပ်ဖို့ လူတွေက ကွန်ပျူတာဆိုတဲ့ ပစ္စည်းကို တီထွင်ခဲ့ကြပါတယ်။ ကွန်ပျူတာအစ ပေသီးကလို့ပြောရင် ပြောနိုင်ပါတယ်။  ဒါပေမယ့် နေရာတကာ လူကဝင်ကူနေရတဲ့ ပေသီးခုံကို ကွန်ပျူတာစက်လို သဘောထားနိုင်ပါ့မလား။ ကွန်ပျူတာတွေကို အစောပိုင်းတီထွင်တုန်းကတော့ ပေးသွင်းလိုက်တဲ့ ပုစ္ဆာတွေကို တွက်ချက်ပြီး အဖြေထုတ်ပေးနိုင်ရုံလောက်ပါ။ လူ့ဦးနှောက်နဲ့ ကိုင်တွယ်တွက်ချက်ဖို့ သိပ်ပြီးကြီးမားလွန်းနေတဲ့ ကိန်းဂဏန်းတွေကို အလွယ်တကူ ကိုင်တွယ်တွက်ချက်နိုင်ရုံလောက် ဆိုပါတော့။ ဒါပေမယ့် နောက်ပိုင်းမှာ ကွန်ပျူတာ တီထွင်သူတွေရဲ့ အတွေးအခေါ် ပြောင်းလာပါတယ်။ ပုံစံဆင်တူတဲ့ ပြဿနာတွေကို ကွန်ပျူတာက သူ့ဘာသာ တွက်ချက်ပေးနိုင်စွမ်း ရှိရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ့။ ဒီအတွေးအခေါ်နဲ့အညီ ပေါ်လာတဲ့ ကွန်ပျူတာက Z1 Computer ဖြစ်ပါတယ်။ Knorad Zuse က ၁၉၃၆ ခုနှစ်မှာ တီထွင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး ပရိုဂရမ်လုပ်နိုင်တဲ့ ကွန်ပျူတာလို့ အဆိုရှိပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပရိုဂရမ်သုံး ကွန်ပျူတာတွေ ဆက်တိုက်ထွက်လာပါတယ်။ ကွန်ပျူတာဆိုတာ တကယ်တော့ လူ့ဦးနှောက်က လုပ်ရမယ့် အလုပ်တွေကို အစားဝင်လုပ်ပေးတဲ့ ပစ္စည်းပါ။ ကွန်ပျူတာဟာ ဦးနှောက်နဲ့ တူပါသလား။ တူတဲ့နေရာတွေမှာတူပြီး ကွဲလွဲတဲ့နေရာတွေလည်း ရှိပါတယ်။ တူတဲ့နေရာတွေကို ကြည့်မယ်ဆိုရင် လူ့ဦးနှောက်ရော ကွန်ပျူတာပါ သတင်းအချက်အလက်တွေကို လျှပ်စစ်အချက်ပြလှိုင်း electrical signal ပုံစံနဲ့ ပို့လွှတ်ပါတယ်။ သတင်းအချက်အလက်တွေကို ပို့တဲ့နေရာမှာပို့လိုက်၊ ရပ်လိုက် (on/off) လုပ်တဲ့နည်းလမ်းကို ဦးနှောက်ရော၊ ကွန်ပျူတာမှာပါ သုံးပါတယ်။ သူတို့နှစ်ခုစလုံးမှာ မှတ်ဉာဏ်ရှိပါတယ်။ ဦးနှောက်ရဲ့ ရေတို မှတ်ဉာဏ်နဲ့တူတဲ့ ကွန်ပျူတာ RAM ဦးနှောက်ရဲ့ ရေရှည်မှတ်ဉာဏ်နဲ့တူတဲ့ hard disk တွေ ဖြစ်ပါတယ်။ ၂၁ ရာစုထဲမှာပေါ်တဲ့ ကွန်ပျူတာတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဦးနှောက်ရော၊ ကွန်ပျူတာပါ လေ့လာသင်ယူနိုင်စွမ်းနဲ့ အခြေအနေပေါ်မူတည်ပြီး အလိုက်သင့် ညှိယူနိုင်စွမ်းတွေ ရှိပါတယ်။ အချိန်ကာလကိုလိုက်ပြီး ဆင့်ကဲ တိုးတက်ပြောင်းလဲနိုင်စွမ်းတွေ သူတို့မှာရှိတယ်။ ပြောင်းလဲနိုင်စွမ်းနဲ့ အဆင့်မြှင့်နိုင်စွမ်းလည်း သူတို့မှာ ရှိပါတယ်။

သင်္ချာဆိုင်ရာ ပြဿနာတွေ ဆင်ခြင်တွက်ချက်မှုဆိုင်ရာ ပြဿနာတွေကို သူတို့လုပ်နိုင်ကြတယ်။ အလွန်တူတဲ့ အချက်တစ်ခုကတော့ စွမ်းအင်ရရှိမှ သူတို့အလုပ်လုပ်နိုင်ကြတာ ဖြစ်ပါတယ်။ ကွဲလွဲနေတဲ့ နေရာတွေကို ကြည့်မယ်ဆိုရင် ဦးနှောက်က သတင်းအချက်အလက်တွေပေးပို့ဖို့ ဓာတုပစ္စည်းတွေကိုသုံးပြီး ကွန်ပျူတာက လျှပ်စစ်ကို သုံးတာ ဖြစ်ပါတယ်။ အခုခေတ်မှာ ကွန်ပျူတာတွေရဲ့ သတင်းအချက်ပို့နှုန်းက အလွန်မြန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာရုံကြော အဖွဲ့အစည်းထဲမှာ တစ်နေရာကတစ်နေရာကို ပေးပို့နေတဲ့ သတင်းအချက်တွေရဲ့ အမြန်နှုန်းက ကွန်ပျူတာစနစ်မှာထက်ပိုပြီး မြန်ပါတယ်။ ကွန်ပျူတာတွေက သတင်းအချက်အလက်ပို့မယ်၊ မပို့ဘူးဆိုတဲ့နေရာမှာ binary code လို့ခေါ်တဲ့ ဒွိကိန်းကို အသုံးပြုပါတယ်။ ထူးဆန်းတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒွိကိန်းမှာ သုညနဲ့ တစ်ကို အသုံးပြုထားလို့ ဖြစ်ပါတယ်။ ပို့မယ်ဆိုရင်တစ်၊ မပို့ဘူးဆိုရင် သုည။ ရှင်းပါတယ်။ ဦးနှောက်ကတော့ ဗို့အားအတက်အကျလို့ ဆိုနိုင်မယ့် action potential ပေါ်မူတည်ပြီး သတင်းအချက်အလက် ပို့မယ်။ မပို့ဘူးဆိုတဲ့ ကိစ္စကို ဆောင်ရွက်ပါတယ်။ အာရုံကြောကလပ်စည်းတွေဟာ တစ်ခုကနေ တစ်ခုကိုပို့တဲ့ သတင်းအချက်အလက်တွေကို အချိန်ပြည့်နီးပါး လက်ခံရရှိနေပါတယ်။ အသက်ဆက်ဖို့အတွက် အချိန်ပြည့်အလုပ် လုပ်နေကြရတာကိုး။ ကွန်ပျူတာနဲ့ နှိုင်းယှဉ်ပြီးကြည့်မယ်ဆိုရင်တော့ ဦးနှောက်မှာ ဖွင့်ပိတ်ဖြစ်စဉ်က မရှိသလောက်ပါ။

ဒါပေမယ့် အာရုံကြောကလပ်စည်းထဲကို ရောက်လာသမျှ သတင်းအချက်အလက်တိုင်းဟာ action potential ဗို့အား အတက်ဘက်ရောက်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဗို့အား အတက်ဘက် မရောက်လာရင် သတင်းပို့တယ်ဆိုတဲ့ အလုပ်မျိုး မလုပ်ပါဘူး။ ဦးနှောက်ဟာ ဒီနေရာမှာ ကွန်ပျူတာထက်သာတဲ့ သဘောရှိပါတယ်။ သူ့မှာက သတင်းကိုသိနေတဲ့ ကိစ္စလည်း ရှိတယ်။ အရေးကြီး ကိစ္စမို့ မဖြစ်မနေ သတင်းပို့တာလည်း ရှိတယ်။ သိနေသမျှ သတင်းတိုင်းကို အပို့အယူမလုပ်ဖူးဆိုတဲ့ သဘောဆောင်ပါတယ်။ ဒါပေမယ့် သတင်းဝင်တဲ့ လမ်းကြောင်းကို အမြဲဖွင့်ပေးထားပါတယ်။ ဒါကြောင့် ချက်ခြင်းထ အလုပ် လုပ်ကြေးဆိုတဲ့ ကိစ္စမှာ ကွန်ပျူတာဟာ ဦးနှောက်ကို မယှဉ်နိုင်သေးပါဘူး။ လူဆိုတဲ့ အမျိုးကတော့ အလုပ် လုပ်ခိုင်းလိုက်ရင် မြန်မှကြိုက်တာ မဟုတ်လား။ ဒါကြောင့် ၂၁ ရာစုနှစ်ရဲ့ သဘောသဘာဝနဲ့ တူအောင်ကြံဆလာပါတယ်။ အဲဒီချပ်စ်တွေကြောင့် ကျွန်တော်တို့ လောလောဆယ်သုံးနေတဲ့ သမားရိုးကျ ချပ်စ်တွေ တစ်ချိန်မှာ ပျောက်ကွယ်သွားစရာ ရှိပါတယ်။ ဦးနှောက်နဲ့ တူအောင် ဖန်တီးတဲ့နေရာမှာ ချပ်စ်တွေနဲ့တင် ကိစ္စပြီးတာ မဟုတ်ပါဘူး။ Programming software တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာပါတယ်။

ဆော့ဖ်ဝဲတွေကို အာရုံကြော ကလပ်စည်းတွေစုဖွဲ့ အလုပ်လုပ်တဲ့ ပုံစံနဲ့ တူလာအောင် ပြုပြင် ပြောင်းလဲပေးရပါတယ်။ neuromorphic design လို့ခေါ်တဲ့ ဦးနှောက်နဲ့တူသော ကွန်ပျူတာပုံစံသစ်မှာ hardware ပိုင်းကို ပုံစံအသစ်ပြန်ပြီး ဖန်တီးတာမျိုး မလုပ်ပါဘူး။ ကွန်ပျူတာခေတ်ဦးတုန်းက အသုံးပြုခဲ့တဲ့ Analog Component ကိုယူပြီး သုံးထားပါတယ်။ ခေတ်နောက်ပြန်ဆွဲတယ်လို့ပဲ ဆိုချင်ဆို။ Spikey လို့ နာမည်ပေးထားတဲ့ ကွန်ပျူတာချစ်ပ်အသစ်မှာ အာရုံကြောကလပ်စည်းနဲ့ နှိုင်းယှဉ်လို့ရတဲ့ printed circuit ၄၀၀ လောက်ပါပါတယ်။ အာရုံကြော ကလပ်စည်းအစစ်ဟာ အပြင်ဘက် အမြှေးပါးမှာ ဗို့အား အပြောင်းအလဲ ဖြစ်စေပြီးတော့ အလုပ်လုပ်ပါတယ်။ Spickey က ဗို့အား အပြောင်းအလဲ ဖြစ်စေဖို့ Capacitor တွေ သုံးပါတယ်။ အဲဒီ Capacitor တွေက လျှပ်စစ်ဓာတ်အား သိုလှောင်ပေးပါတယ်။ သာမန်အခြေအနေမှာ Capacitor တွေက လျှပ်စစ်တော့ ရှိတယ်။ သတင်း အချက်အလက်ပို့လွှတ်မှု မလုပ်ပါဘူး။ သူ့မှာရှိတဲ့ ဗို့အားဟာ သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုထက် ကျော်လာမယ်ဆိုရင် လျှပ်စစ်ဓာတ်ကို တခြားတစ်နေရာကို ပို့လွှတ်နိုင်တဲ့ အစွမ်းရှိလာပါပြီ။ သတင်းအချက်အလက်တွေကို တခြားတစ်နေရာဆီ ပို့လွှတ်နိုင်တဲ့ သဘောပါပဲ။

အဲဒီနေရာမှာ အာရုံကြော ကလပ်စည်းက အာရုံလှိုင်းတွေ ပို့လွှတ်ပုံနဲ့ သိပ်ပြီး ဆင်တူလာပါတယ်။ Spikey ဟာ အာရုံကြော ကလပ်စည်းတွေရဲ့ Analogue ပုံစံ အလုပ်လုပ်တာကိုလည်း အတုယူပါတယ်။ သာမန်ချပ်စ်တွေဟာ ဒစ်ဂျစ်တယ်ပုံစံနဲ့ အလုပ်လုပ်တာမို့ အလုပ်လုပ်ရင်လည်း လုံးလုံးလျားလျားလုပ်ပြီး၊ မလုပ်ရင်လည်း အဟုတ်ကိုမလုပ်တဲ့ တစ်နဲ့ သုညပုံစံကို ကျင့်သုံးပါတယ်။ သုညနဲ့ တစ်အကြား အဆင့်ဆင့် တန်ဘိုးဆိုတာ ဒစ်ဂျစ်တယ်စနစ်မှာ မရှိပါဘူး။ Spikey မှာ analogue စနစ်သုံးတဲ့အတွက် လျှပ်စစ်အားပမာဏဟာ အတက်အကျ အပြောင်းအလဲ ရှိပါတယ်။ လျှပ်စစ်ဓာတ်အား အပြင်းအလျော့ပေါ် မူတည်ပြီး အချက်အလက်ပို့လွှတ်တာ၊ မပို့လွှတ်တာကို ဆောင်ရွက်ပါတယ်။ ဒါကြောင့် Spikey ကွန်ပျူတာချပ်စ် အသစ်ဟာ အာရုံကြော ကလပ်စည်းလို့ပဲ အမြဲအသင့်အနေအထားမှာ ရှိနေပါတယ်။ ဒစ်ဂျစ်တယ်ဆိုတာ ပေါ်လာကတည်းက Analogue ဆိုတဲ့ စနစ်က ကွယ်ပျောက်သွားခဲ့ပါပြီ။ ဒါပေမယ့် Spikey ရဲ့ ကျေးဇူးကြောင့် Analogue စနစ်ဟာ ပုံစံတစ်မျိုးနဲ့ ပြန်ပြီး ရှင်သန်လာပါတယ်။ Spikey နဲ့ အလုပ်လုပ်နေတဲ့ ဂျာမဏီနိုင်ငံ ဟိုက်ဒယ်ဘော့ဂ် တက္ကသိုလ်က သုတေသီတွေဟာ ဦးနှောက်မှာရှိတဲ့ လျှပ်စီးပတ်လမ်း ပုံစံအမျိုးမျိုးကိုလည်း တုပပြီး စမ်းသပ်နေပါတယ်။ သူတို့ရဲ့ စမ်းသပ်ချက်မှာ အာရုံကြော လျှပ်စီးပတ်လမ်း ပုံစံ ၆ မျိုး ပါပါတယ်။

တစ်မျိုးက အင်းဆက်ပိုးကောင်ရဲ့ အနံ့ခံအာရုံ စနစ်ကို တုပပြီး လုပ်ထားတဲ့ လျှပ်စီး ပတ်လမ်းပါ။ Spikey ရဲ့ အာရုံကြော လျှပ်စီး ပတ်လမ်းတု အလုပ် လုပ်ပုံကို တိုင်းကြည့်တဲ့အခါ တကယ့် အာရုံကြောတွေမှာ အလုပ် လုပ်ပုံနဲ့ အရမ်းတူတယ်ဆိုတာ သွားပြီး တွေ့ရပါတယ်။ Spikey လို neuronmorphic chip (အာရုံကြောချစ်ပ်) တွေပေါ်နေပြီဆိုပေမယ့် အခုအချိန်မှာ အဲဒီချစ်ပ်တွေဟာ ဦးနှောက်တစ်ခု သီးသန့်လုပ်ငန်းနယ်ပယ် တစ်ခုကိုပဲကွက်ပြီး တုပအလုပ်လုပ်နိုင်သေးတယ် ပြောပါတော့။ အာရုံကြောချစ်ပ်တွေဟာ သမားရိုးကျချစ်ပ်တွေဟာ သမားရိုးကျ ချစ်ပ်တွေထက်စာရင် တချို့နေရာတွေမှာပိုပြီး အသုံးတည့်တယ် ဆိုတာ တွေ့ရပါတယ်။ ဒီချစ်ပ်တွေဟာ မှတ်ဉာဏ်အပိုင်းနဲ့ တွက်ချက်မှုအပိုင်းကို သီးခြားခွဲမထားတာမို့ သတင်းအချက်အလက်တွေဟာ Capacitor တွေထဲမှာ အရံသင့် ရှိနေပါတယ်။ ချက်ခြင်း ကောက်ပြီး တွက်ချက်နိုင်တာမို့ အလုပ်လုပ်တာ ပိုပြီး မြန်ပါတယ်။ စွမ်းအင်စားသုံးမှုပိုပြီး နည်းပါတယ်။ သတင်း အချက်အလက်ပျက်စီး ပျောက်ဆုံးမှုဒဏ်ကိုလည်း ပိုပြီး ခံနိုင်ရည် ရှိပါတယ်။ သမားရိုးကျ ချစ်ပ်တွေမှာ သတင်းအချက်အလက် ပို့ပြီဆိုရင် လုံးလုံးလျားလျား ပို့လိုက်တာပါ။ လမ်းမှာ တစ်ကို ပုံဖော်မပေးနိုင်တော့ပါဘူး။ errors တွေတက်လာပြီး အလုပ်လုပ်တာ ရပ်သွားပါမယ်။ အာရုံကြောချပ်စ်တွေက အဲဒီလို အခြေအနေမှာ အလုပ်လုပ်တာ နှေးသွားပေမယ့် ပုံမပျက်ဆက်ပြီး အလုပ်လုပ်နိုင်ပါတယ်။

IBM နဲ့ HP တို့ဟာ အာရုံကြောချပ်စ်တွေရဲ့ ရှေ့အလားအလာကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေရေး ကိရိယာတချို့မှာ စမ်းပြီး သုံးစွဲနေပါတယ်။ အမေရိကန် NASA အာကာသ အဖွဲ့ကြီးကတော့ အင်္ဂါဂြိုဟ်ပေါ် လှည့်လည်သွားလာရေးယာဉ် (Mars rover) တွေမှာသုံးဖို့ အာရုံကြောချစ်ပ် စနစ်တစ်မျိုးကို တီထွင်ဖော်ထုတ်ခဲ့ပါတယ်။ ဓာတ်ရောင်ခြည်သင့်မှု ပြင်းထန်တဲ့ အာကာသထဲမှာ အာရုံကြောချစ်ပ်တွေက ပိုပြီး အမှားအယွင်း အတိမ်းအစောင်းခံလိမ့်မယ်လို့ NASA ကပြောပါတယ်။ အာရုံကြောချစ်ပ်တွေဟာ လက်တွေ့ တွက်ချက်ရေး နယ်ပယ်မှာတင်မကဘဲ စမ်းသပ်မှုနယ်ပယ်မှာပါ အသုံးတည့်ပါလိမ့်မယ်။ ဒီချစ်ပ်တွေသုံးပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တုပပြီး စမ်းသပ်ကြည့်နိုင်ပါမယ်။ အာရုံကြောနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာ တစ်ရပ်မှာ အာရုံကြောကလပ်စည်းနဲ့ ကလပ်စည်းကွန်ရက်တွေရဲ့ ဆောင်ရွက်ပုံတွေ ဘယ်လို အပြောင်းအလဲ ဖြစ်တယ်ဆိုတာမျိုးကို စမ်းသပ်နိုင်ပါလိမ့်မယ်။ ဒီလို စမ်းသပ်နိုင်ဖို့အတွက်လည်း Spikey ရဲ့ အဖွဲ့ဝင် ပစ္စည်း ၄၀၀ ယူနစ်အစား ယူနစ် နှစ်သိန်း အထိ တိုးချဲ့ဖြည့်သွင်းပြီး စမ်းသပ်ဖို့ လုပ်နေပါတယ်။ ၂၀၁၃ ခုနှစ်ကုန်ပိုင်းလောက်မှာ ယူနစ်ပေါင်း သန်းချီ ပါဝင်တဲ့ ချစ်ပ်တွေနဲ့စမ်းသပ်နိုင်ကြပါလိမ့်မယ်။ ဒီအတိုင်းသာဆိုရင် ပါဝင်ဖွင့်လိုက်တာနဲ့ တန်းပြီး အလုပ် လုပ်နိုင်မယ့် ကွန်ပျူတာတွေကို တစ်နေ့မှာ ကျွန်တော်တို့ တွေ့လာရဖို့ ရှိနေပါတယ်။

နောင်စိုး (ထားဝယ်)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account