Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label သူ့အမြင်. Show all posts
Showing posts with label သူ့အမြင်. Show all posts

Sunday, July 29, 2012

အထွတ်အမြတ်ထားရာနှင့် လျှပ်ပေါ်လော်လည် အတွဲအဖက်များ



ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံပင်ဖြစ်ပါစေ မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို နိုင်ငံ၏ပြယုဂ်တစ်ခုအဖြစ် တန်ဖိုးထားထိန်းသိမ်းကြသည်မှာ သံသယဖြစ်စရာ စိုးစဉ်းမျှမရှိချေ။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများမှာ နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲအောင် များပြားပါသည်။ သို့သော် လူအချို့၏ လွဲမှားသော အသုံးချမှုများကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအပေါ် မြန်မာပြည်သူအချို့၏ တန်ဖိုးထားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာသည်။

မကြာသေးမီက မြန်မာဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီများကို နောက်ခံထား၍ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟု အများကသတ်မှတ်ထားသည့် ၀တ်စားဆင်ယင်မှုများဖြင့် ဓာတ်ပုံများ ရိုက်ကူးလာသည်ကို တွေ့လာရသည်။ ယင်းဓာတ်ပုံများအနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၌ လူပြောအများဆုံး ဖြစ်လာသည့် ဓာတ်ပုံတစ်ပုံမှာ ပုဂံဘုရားများကို နောက်ခံထား၍ မော်ဒယ်တစ်ဦး၏ ခေတ်ဆန်သည့် ၀တ်စုံဒီဇိုင်းများဖြင့် ရိုက်ကူးထားသော ဓာတ်ပုံပင်ဖြစ်သည်။ ပြည်တွင်းလစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခဲ့သော ယင်းဓာတ်ပုံများကို မြန်မာဗုဒ္ဓဘာသာ စေတီပုထိုးများနှင့် မအပ်စပ်သည့် ဓာတ်ပုံများဟု အဆိုပါဓာတ်ပုံကို ကြည့်မိသူ ပရိသတ်အများစု၏ ဝေဖန်မှုများ ရှိလာသည်။

“ဘုရားဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေးအမြတ်ထားတဲ့ နေရာပါ။ ရှေးတုန်းက ဘုန်းကြီးတွေ၊ ရဟန်းသံဃာတွေ ကြွလာရင်တောင် ပခုံးပေါ်သဘက်တင်ရတာ။ ဒီလိုမလုံမခြုံပုံတွေနဲ့ ဘုရားကို  နောက်ခံထား ရိုက်တာဟာ ကိုယ့်မြန်မာတွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှု၊ ရိုးရာဓလေ့ကို ဖောက်ဖျက်ရာရောက်တယ်။ လူမျိုးခြား၊ ဘာသာခြားတွေ အမြင်မှာလည်း တကယ့်အထွတ်အမြတ်ထားတဲ့ နေရာမှာ ကဲ့ရဲ့စရာ၊ ရှက်စရာ၊ လူအထင်သေးစရာ ရောက်မှာပေါ့။ မြန်မာမိန်းကလေးတွေက ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာကိုမှ အလေးမထားရင် ဘယ်သူက အလေးထားမှာလဲ”ဟု အငြိမ်းစားအထက်တန်းပြ ကျောင်းဆရာမကြီးတစ်ဦးက ပြောသည်။

ပုဂံဒေသတွင် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးလိုပါက တစ်နေ့တာအတွက် ရိုက်ကူးခနှုန်းထားမှာ ကျပ်ဆယ်သိန်းဝန်းကျင် ပေးဆောင်ရမည်ဟု သက်ဆိုင်ရာက သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ၀တ်စားဆင်ယင်မှုများနှင့် ရိုက်ကူးမှုကိုမူ ခွင့်ပြုထားသလားဟု ဝေဖန်မှုများလည်း ထွက်ပေါ်လာပြန်သည်။

“ဒီဓာတ်ပုံရိုက်တဲ့ မဂ္ဂဇင်းအဖွဲ့ဟာ ကျွန်တော်တို့ဌာနကို ခွင့်ပြုချက်ရယူ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး။ မော်ဒယ်လ်အမျိုးသမီးကို ကားပေါ်တင်ပြီး သာသနိကအဆောက်အအုံတွေမှာ လျှပ်တစ်ပြက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်”ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။

ယင်းဓာတ်ပုံများ ရိုက်ကူးနေစဉ်ကာလကပင် ပုဂံရှိဒေသခံအချို့၏ မကျေနပ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း ဓာတ်ပုံရိုက်ကူးခဲ့သည့် ထက်အောင်ကျော်က ပြောသည်။ “ကျွန်တော်တို့ရိုက်နေတုန်း ဖြတ်သွားဖြတ်လာ လမ်းသွားလမ်းလာတွေက ပြောတယ်။ ဟာ...ပုဂံမှာ ဘယ်လိုလာရိုက်နေလဲ မသိဘူး။ ဒီလိုပုံစံနဲ့ မသင့်တော်ဘူးပေါ့”ဟု ဒေသခံများ၏ ပြောစကားကို ၄င်းကပြန်လည်ပြောကြားသည်။

ပုဂံဘုရားများနှင့် မော်ဒယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်ပေါ်လွင်သော ၀တ်စုံတို့ဖြင့် ရိုက်ကူးခဲ့သော ယင်းဓာတ်ပုံများမတိုင်မီက ရန်ကုန်မြို့၏ အထင်ကရ တန်ခိုးကြီးစေတီတစ်ဆူဖြစ်သည့် ရွှေတိဂုံဘုရားကို နောက်ခံထား၍ စကတ်အတို၊ အကျလည်ဟိုက်တို့ ၀တ်ဆင်ထားသည့် မင်းသမီးတစ်ဦး၏ ဓာတ်ပုံများလည်း ထွက်ပေါ်လာခဲ့သည်။ “သရုပ်မှန်ဓာတ်ပုံဆရာ တစ်ယောက်အနေနဲ့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကျွန်မတို့ရဲ့သာသနိကအဆောက်အအုံတွေနဲ့ တွဲဖက်ရိုက်တာမျိုး ရိုက်ကူးဖြစ်မယ် မထင်ဘူး။ မဂ္ဂဇင်းထုတ်ဝေသူဘက်က တောင်းဆိုလာရင်လည်း ပြောပြညှိနှိုင်းရမှာပေါ့။ ညှိနှိုင်းလို့ မရဘူးဆိုရင်လည်း ဒီအလုပ်ကို လက်မခံရုံပဲရှိတယ်။ အနှစ်ကိုးရာကျော်လောက်က ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဒီလိုပုံတွေ ရိုက်ဖို့က ကျွန်မရဲ့ခံယူချက်၊ အနုပညာ အာရုံဝင်စားမှုနဲ့ ကိုက်ညီမှုမရှိဘူး”ဟု ဓာတ်ပုံဆရာ မလိမ္မာ(မြန်မာစာ)က ပြောသည်။

ပြည်ပအဆိုတော် A Kon ၏ အမ်တီဗီ ဂီတဗီဒီယိုတစ်ခုတွင် ဗုဒ္ဓဆင်းတုတော်များကို မလျော်ကန်သော အသုံးပြုမှုများဖြင့် ထည့်သွင်းရိုက်ကူးထားသောကြောင့် ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံတို့မှ လူထုအချို့၏ အမျက်ဒေါသနှင့် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ ထို့ပြင် ယခုလတ်တလော မြို့ရွာကျေးလက်မကျန် ပရိသတ်အားပေးမှုကို ရရှိနေသည့် လူငယ်အဆိုတော်တစ်ဦး၏ ဗီစီဒီတွင်လည်း ဘုရားပရိဝုဏ်အတွင်း အဆိုတော်နှင့်အတူ တီးဝိုင်းသမားများ ဖိနပ်များစီးလျက် ရိုက်ကူးထားသော ပြကွက်များအပေါ် သတိထားမိသည့် ပရိသတ်များ၏ ဝေဖန်မှုများလည်း ထွက်ပေါ်နေပြန်သည်။

“ ဒါတွေကို စာမျက်နှာပေါ်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ပိုင်ခွင့်က မီဒီယာသမားတွေဆီမှာ ရှိတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတာ ရှိတယ်လေ။ မီဒီယာတွေအပေါ်မှာ ဒါမျိုးတွေ ဖော်ပြလာတာ သဘောမကျဘူး။ အဲဒီအတွက် မီဒီယာသမားတွေမှာ တာဝန်ရှိပါတယ်”ဟု မန္တလေးမြို့ခံ စာကြည့်တိုက်မှူး ဦးအောင်မြင့်ဦးက ပြောသည်။

မီဒီယာအသီးသီးတွင် ဖက်ရှင်ကဏ္ဍအနေဖြင့် သီးသန့်တီထွင် ရိုက်ကူးနေကြသော ဖက်ရှင်အသားပေး ကဏ္ဍများစွာရှိကြပြီး ဖက်ရှင်ဒီဇိုင်းဖန်တီးမှုအပေါ် အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်မှုများ ရှိနေကြသည်။ ယခုဖြစ်ရပ်မှာတော့ ဖက်ရှင်ဒီဇိုင်းဖန်တီးမှု ၀တ်စုံများအပေါ် ဝေဖန်မှုထက် သာသနိကအဆောက်အဦများကို နောက်ခံထားပြီး ရိုက်ကူးခဲ့ခြင်းကြောင့်သာ ဝေဖန်ပြောကြားမှုများ ရှိလာခြင်းဖြစ်သည်။

“ကျွန်မတို့က မွေးကတည်းက ဒီနိုင်ငံမှာ မွေးခဲ့တာဆိုတော့ ဒီဇိုင်းတစ်ခုခုကို လုပ်မယ်လို့ စဉ်းစားမိတဲ့အခါ ဒီနိုင်ငံနဲ့ကိုက်ညီတဲ့ ဒီဇိုင်းကိုပဲဖန်တီးဖို့ စိတ်ကူးမိတယ်။ Antique (ရှေးဟောင်း)ပုံစံ

ရိုက်ချင်ရင် သာသနိကအဆောက်အအုံတွေ မဟုတ်တဲ့ ရှေးဟောင်းမြို့ရိုးတွေနဲ့ ရိုက်လို့ရပါတယ်။ ဒီလိုဘုရားတွေ နောက်ခံထားပြီး ရိုက်မယ်ဆိုရင် လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းတော့ ဖြစ်ရမှာပါ”ဟု မြန်မာဒီဇိုင်နာကလပ်အဖွဲ့ဝင်၊ ပြည်တွင်းပြည်ပ ဖက်ရှင်ရှိုးပွဲများစွာအတွက် ၀တ်စုံများ တီထွင်ချုပ်လုပ်သည့် ဖက်ရှင်ဒီဇိုင်နာ မပုံ့ (My Favourite)က ပြောသည်။

စာပေအမျိုးအစား ခြောက်မျိုးကို စာပေစိစစ်ရေးကို တင်ပြရန်မလိုဘဲ တင်ပြပြီးမှ ထုတ်ဝေသည့်စနစ်(တင်ထုတ်)မှ ထုတ်ဝေပြီးမှ တင်ပြသည့်စနစ်(တင်ထုတ်)သို့ ကူးပြောင်းခဲ့ပြီးနောက် စာပေစိစစ်ရေး တင်ပြစရာမလိုသည့် အမျိုးအစားထဲမှ ဖက်ရှင်အသားပေး စာနယ်ဇင်းများ၌ စာအရေးအသားဖော်ပြမှုများ၊ ဓာတ်ပုံဖော်ပြမှုများအပေါ် ပရိသတ်အချို့ အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့ပြီး အချို့ကလည်း ယင်းဖော်ပြချက်များအပေါ် ကြိုဆိုမှုများ ရှိနေပြန်သည်။ သို့ရာတွင် ဘာသာရေးနှင့် ပတ်သက်သည့် ဖော်ပြချက်များနှင့် ပတ်သက်၍မူ ယင်းသို့မလုပ်ဆောင်သင့်ကြောင်း အများစုက သုံးသပ်ပြောကြားသည်။

ရွှေအမြုတေနှင့် အလင်းတန်းဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက “လွတ်လပ်ခွင့်နဲ့အတူ တာဝန်ယူမှုရှိရမယ်။ လွတ်လပ်စွာရေးသားခွင့် ရှိတယ်ဆိုတိုင်း ရေးချင်တိုင်းရေးမယ်။ စည်းမဲ့ကမ်းမဲ့ တင်ပြချင်တိုင်း တင်ပြမယ်ဆိုရင် တာဝန်ယူမှုဆိုတာ မရှိနိုင်တော့ဘူး။ ကျွန်တော်တို့က အာရှနိုင်ငံသားတွေ ဖြစ်တဲ့အတွက် ယဉ်ကျေးမှုနဲ့ ကိုက်ညီဖို့လိုတယ်။ အရှက်အကြောက်တရား ရှိရမယ်။ ဘုရားပေါ်ကိုတက်ရင် စကတ်နဲ့ မတက်ရဘူးဆိုတာ တကယ်လိုအပ်လို့ ထုတ်ထားတဲ့စည်းကမ်း။ ဘုရားမှာ ကော့လန်ကန်ကားပုံစံ၊ မိဘနဲ့မောင်နှမ

သားအမိ အမြင်မတင့်တယ်တဲ့ ပုံစံမျိုး မလုပ်ရဘူးဆိုတာ မြန်မာဖြစ်ရင် လိုက်နာဖို့လိုတဲ့ လူမှုရေးကျင့်ဝတ်တွေပဲ။ ဒါစာနယ်ဇင်းကျင့်ဝတ်တောင် မဟုတ်ဘူး။ အယ်ဒီတာဆိုတာ မဂ္ဂဇင်းမှာလုပ်လိုက်တဲ့ ကိစ္စတိုင်းမှာ တာဝန်ယူရမယ်။ ကိုယ့်မဂ္ဂဇင်းရောင်းရဖို့ တစ်ခုတည်းကို ကြည့်လို့မရဘူး။ အယ်ဒီတာက စီးပွားရေးသမား မဟုတ်ဘူး။ သူပေးလိုက်တဲ့ မက်ဆေ့ခ်ျမှာ သူ့စေတနာ ပေါ်လွင်နေရမယ်။ ခုတောင် ဒီပြဿနာက ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်နေပြီဆိုတော့ တာဝန်ရှိသူအနေနဲ့ ဖြေရှင်းဖို့လိုတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နေရာဒေသများဖြစ်ပြီး အထူးသဖြင့် ပွင့်လင်းလွတ်လပ်လာသော ယနေ့ကာလမျိုးတွင် မိမိတို့၏ တိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံသားတို့က စံပြုအလေးထား တန်ဖိုးမြှင့်တင်ပေးမှသာ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို တိုင်းတစ်ပါးသားတို့က တန်ဖိုးထား လေးစားတတ်မည်ဖြစ်သည်။

“ဒီပုံတွေကို ပုဂံမှာသွားရိုက်မယ်ဆိုတာတော့ သိတယ်။ ပုဂံရောက်မှ ၀တ်စုံကိုကြည့်တော့ ဗိုက်ပေါ်နေတာတို့၊ ကျောပေါ်နေတာတို့ ဖြစ်နေတာကို တွေ့လိုက်ရတာပါ။ နောက်ဆိုရင်တော့ ကျွန်တော်အတတ်နိုင်ဆုံး ဖက်ရှင်နဲ့ သာသနာ့နယ်မြေနဲ့ မတွဲမိအောင် လုံးဝရှောင်သွားမယ်”ဟု ဓာတ်ပုံများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံထက်အောင်ကျော်က ပြောကြားခဲ့သည်။

“ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း သာသနိကအဆောက်အအုံတွေကို နောက်ခံပြုပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုနဲ့ ဓာတ်ပုံရိုက်ကူးတာကို ခွင့်မပြုပါဘူး။ ဘုရားပရိဝုဏ်အတွင်း စကတ်၊ ဘောင်းဘီမ၀တ်ရ၊ ရင်ဟိုက်၊ လည်ဟိုက်အကျ မ၀တ်ရဆိုတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူထားပါတယ်။ မြန်မာ့ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာအပေါ် နိုင်ငံခြားသားတွေ အထင်မလွဲမှားဖို့ လုံခြုံရေးဝန်ထမ်း အင်အားပေါ်မူတည်ပြီး ဘုရားတွေမှာ လှည့်လည်စစ်ဆေးသွားပါမယ်”ဟု ဦးမျိုးညွန့်က ပြောသည်။

လူမျိုးရှိလျှင် ရိုးရာရှိမည်။ ရိုးရာရှိလျှင် ယဉ်ကျေးမှုရှိမည်။ လူမျိုးတစ်မျိုး၏အဆင့်ကို ၄င်းတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကိုကြည့်၍ သတ်မှတ်ဆုံးဖြတ်ကြသည်သာ ဖြစ်သည်။ လွန်ခဲ့သည့် လေးနှစ်ခန့်က မဲခေါင်ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံရှိ လွန်ပရာဘန်မြို့တော်ကို ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ်စာရင်းမှ ပယ်ဖျက်မခံရရေးအတွက် ယင်းမြို့တော်ဟောင်း ဗဟိုချက်၌ ဟိုတယ်သစ်များ တည်ဆောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။ အခြားသော တိုင်းတစ်ပါးနိုင်ငံများတွင် မိမိတို့ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးအကျိုးအမြတ် ရလိုမှုရှိပါလျက်နှင့်ပင် ငွေကြေးရလိုမှုတစ်ခုတည်း မကြည့်ဘဲ ယဉ်ကျေးမှုအမွေအနှစ်များကို အလေးထား ထိန်းသိမ်းစောင့်ရှောက်နေကြသည်။ မိမိတို့နိုင်ငံတွင် ဘာသာခြား၊ လူမျိုးခြားတို့၏အမြင်၌ မတင့်တယ်သော ၀တ်စားဆင်ယင်မှုများဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို အသုံးချနေခြင်းအား ရှောင်ရှားကြရန် ၀ိုင်းဝန်းထိန်းသိမ်းသွားရမည်သာ ဖြစ်ပါသည်။
ရေးသားသူ- အေးသူစံ

by 7Day News Journal

Wednesday, June 27, 2012

ကမ္ဘာစောင့်တရားနှစ်ပါး


ကမ္ဘာစောင့်တရားနှစ်ပါးဆိုသည်မှာ ဟီရိ သြတ္တပ္ပတရားပင်ဖြစ်သည်။ ထိုတရားနှစ်ပါးကို မြန်မာ နိုင်ငံရှိ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တော်တော်များများ သိကြလိမ့်မည်ထင်ပါသည်။ ဟီရိသြတ္တပ္ပမှာ ပါဠိစကား ရပ်ပင်ဖြစ်သည်။ မြန်မာလို အနက်အဓိပ္ပာယ်ပြန်ရမယ် ဆိုရင် ရှက်ခြင်းကြောက်ခြင်းပင်ဖြစ်သည်။

Tuesday, May 29, 2012

ဉာဏ်ပညာထဲမှာ နှလုံးသားထည့်ပေါင်းဖို့ - မောင်သာချို

Photo

(တစ်)
ပညာပြည့်ဝ၊ နှလုံးလှသော်ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ် တောက်လိုရာ၊ ပြီးနိုင်စွာ၏။

Monday, April 2, 2012

အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည် ရှိပြီလား


Knowledge ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။ အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။ ဘယ်သူဖြစ်ဖြစ် ပညာအလုပ်ရဲ့စိန်ခေါ်မှုတွေကို မခံနိုင်ဘူးဆိုရင် အဲဒီစိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ် နောက်လူတစ်ယောက်အမြဲတမ်းရှိနေမှာပါ။ အဲဒီတော့ ကိုယ်မလုပ်နိုင်ဘူးလား .. ဒါဆို နောက်လုပ်နိုင်မယ့်သူ ကို ခိုင်းမယ်ဆိုမျိုးတွေကြည့်ပါပဲ။


အိုကေ .. ဒါဆို IT မှာ အလုပ်လုပ်မယ့်သူ ဘာတွေပဲ လာလာလုပ်နိုင်ပါတယ်လို့ အာမခံနိုင်အောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့ အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့

၁၊ စိတ်ရှည်ရမယ်။စိတ်တည်ငြိမ်ရမယ်
ပြဿနာတစ်ခုကို စိတ်တည်တည်ငြိမ်ငြိမ်ထားပီး စိတ်ရှည်လက်ရှည် ဖြေရှင်းတတ်မှုကတော့ IT မှာ အရေးအကြီးဆုံးတစ်ခုပါပဲ။ တစ်ချို့ IT ပြဿနာတွေမှာ အချိန်မှီ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေရှင်းပေးရမယ် ကိစ္စတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ စိတ်တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ ဟိုတွေးဒီတွေးနဲ့ အဲဒီ ပြဿနာကို အချိန်မှီ ဖြေရှင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်တော့ IT အလုပ်ဆက်မလုပ်တာ ကောင်းပါတယ်။

၂၊ ကျောင်းဆက်တက်ဖို့တွေ စာမေးပွဲတွေ ဖြေဖို့တွေ စိတ်ဝင်စားရပါ့မယ်။


IT က အမြဲတမ်း အသစ်တွေ ထွက်ထွက်နေတာပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အမြဲတမ်း refresh လုပ်နေရပါမယ်။ စာတွေ ဖတ်ရမယ်။ သတင်းတွေ ဖတ်နေရမယ်။ ဘာတွေ အသစ်တွေ ထွက်နေပြီလည်း အမြဲတမ်းလေ့လာနေရပါမယ်။ selfstudy လုပ်ဖို့ ၀ါသနာကို ပါနေရပါမယ်။ workshop တွေတက်ရမယ်။ အမြဲတမ်း learning လုပ်နေဖို့ လိုပါတယ်။

၃၊ ရုံးချိန်မဟုတ်တဲ့ အချိန်မှာလည်း အလုပ်လုပ်ရပါ့မယ်
နည်းပညာဆိုတာကြီးက ကိုယ်သတ်မှတ်ထားတဲ့ schedule အတိုင်း တသတ်မှတ်တည်း အမြဲတမ်းသွားနေမှာ မဟုတ်ပါဘူး။ Servers ဆိုတာမျိုးက သူဒေါင်းချင်တဲ့ အချိန် ဒေါင်းမှာ business ဆိုတာကတော့ ဒေါင်းလို့မရဘူး။ အဲဒီတော့ ညကြီးသန်းခေါင်းမှာ Server ဒေါင်းသွားလို့ ထလုပ်ရင်လည်း လုပ်ရမယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေလည်း သူများတွေလို နားချင်မှ နားရမယ်။ ကိုယ်က ရုံးပိတ်ရက်တွေမှာ သူများတွေ နည်းတူ လုပ်စရာတွေ အမြဲတမ်း ရှိနေတယ်ဆိုရင်တော့ ကိုယ်က IT အလုပ်နဲ့ သိပ်မကိုက်ဘူးလို့ သတ်မှတ်လိုက်ပါ။

၎၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းရပါမယ်
ဒါကတော့ ရှင်းပြဖို့လိုမယ်တောင် မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ IT မှာ support end users ဆိုတာလည်း ပါတာကိုး။ စကားများများပြောရမယ်။ တဖက်လူ နားလည်းအောင် ဥပမာများနဲ့တကွ သေသေချာချာ ရှင်းပြရမယ်။

၅၊ လွယ်လွယ်အရှုံးမပေးနဲ့
ကိုယ့်အရည်အချင်းကို ဘယ်နှစ်ခါလောက် ပြန်လည် သုံးသပ်ဖူးလည်း။ ပြဿနာ တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဘယ်နှစ်ခါ ဖြေရှင်းဖူးလည်း။ အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ ဘယ်လောက်များများ ထားခဲ့ဘူးသလည်း။ အဲလိုမျိုးတွေထားထားခဲ့တာကို ကိုယ့်ကိုကိုယ် မွေ့လျှော်နေပီလား။ အဲဒါမျိုးတွေက IT's ethic မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်တွေပဲ။ တစ်ခုတော့ ရှိတယ်။ အချိန်နည်းနည်း ထပ်စောင့်ရအုံးမှာလား။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ skill လိုသေးတာလား။ အိုကေ။ အချိန်စောင့်နိုင်တယ် ထားအုံး။ လက်ခံထားဖို့ တစ်ချက်ကတော့ အဲဒီ အလုပ်ကို ပြီးအောင် အဆုံးသတ်မယ်။ လုပ်ကိုလုပ်ရမယ်ဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။

၆၊ ဒေါသထွက်မလွယ်နဲ့
IT သမားလည်း စိတ်နဲ့ပဲ ဒေါသတော့ တစ်ခါတစ်လေထွက်တာပေါ့နော်။ ဒါပေမယ့်  IT သမားက End users တွေရဲ့ ပြဿနာကို အနည်းနဲ့အများ နေ့တိုင်း ဖြေရှင်းပေးနေရတာဆိုတော့  ဒေါသထွက်လွယ်လို့ကတော့ တစ်နေ့လုံး ဒေါသထွက်နေရပြီး သွေးတိုးရောဂါ ရမယ်။

၇၊ multitask လုပ်နိုင်ရမယ်
တစ်ခါတလေကျရင် IT သမားတွေက အချိန်မှီပြီးအောင် အလုပ်နှစ်ခု သုံးခု တစ်ပြိုင်နက်တည်း လုပ်ရတာတွေ ရှိပါတယ်။ အလုပ်ကို တစ်ခုပြီးပြတ်မှ တစ်ခုလုပ်တတ်တဲ့သူလည်း IT လောကမှာ မအောင်မြင်ဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် multitask လုပ်နိုင်တဲ့သူက ပိုသာမှာပေါ့လေ။

၈၊ တဖြည်းဖြည်းနဲ့ ရာထူးတွေ တိုးတိုးသွားတာကို လိုချင်တာလား
IT အလုပ်အတွက်တော့ အဲဒါက သိပ်မဖြစ်နိုင်ပါဘူး။ ရာထူးတော့ တိုးတာတော့ ရှိပါတယ်။ အိုင်တီ မန်နေဂျာလောက် အထိပေါ့။ CEO အဆင့်လောက်အထိ မျော်လင့်ထားတယ်ဆိုရင်တော့ ....

၉၊ နည်းပညာတွေ မကြိုက်ဘူးလား
ဒါကတော့ မဖြစ်နိုင်ပါ။ ဥပမာ ဘာလဲဟ စမတ်ဖုန်း၊  ဖုန်းပဲကွာ ဖုန်းပြောလို့ရတော်ရောပေါ့ ဆိုတာမျိုး၊ စာအုပ်ဆို လက်ထိပ်လေး တံတွေးဆွတ်ပြီး လှန်ရမှ စာဖတ်တယ်လို ထင်တာမျိုး (ebook မဖတ်ချင်ဘူးဆိုသလို) Server တွေ Desktop switches, routers ဘာတွေလည်းဟ အင်တာနက်လေး သုံးရဖို့ ဘာတွေ မှန်းကို မသိဘူးဆိုတာမျိုး၊ စက်ပစ္စည်းတွေ များလို့ green earth ထိခိုက်တယ်ဆိုတာမျိုးတွေ ၊ အဲဒါတွေ ရှိနေမယ်ဆိုရင်တော့ ...

၁၀၊ ဖုန်းပိတ် အိပ်တတ်သလား
IT သမားတွေဟာ ညလယ်သန်းခေါင်ကလည်း ကိုယ့်အလုပ်လုပ်ချိန်ပဲ ဖြစ်လာရင် ဖြစ်လာနိုင်တယ်။ မနက်ကတည်းက ညနေအထိ အလုပ်လုပ်ပြီးပြီ အလုပ်ချိန်ပြီးပြီလို့တော့ လက်လွတ်စပယ် နေလို့ မဖြစ်နိုင်ပါ။ 24/7 on call ဖြစ်နေရပါ့မယ်။  မိသားစု တွေ့ဆုံပွဲကိုလည်း ခနထားခဲ့ပြီး Server ဒေါင်းလို့ အလုပ်လုပ်ရင် လုပ်ရပါ့မယ်။ သားဦးလေး မွေးမှာမို့လို့ လာလို့မရဘူးလည်း လုပ်လို့မရပါဘူး။ အလုပ်ချိန်ပြင်ပ ဖြစ်တဲ့အတွက် အလုပ်က ဖုန်းခေါ်ရင် မကိုင်ချင်ဘူး ဆိုရင်တော့ သေချာပါပြီး သင်နဲ့ IT နဲ့ ....

သင့်အမြင်ကော ဘယ်လိုရှိလည်း comment ပေးထားနိုင်ပါတယ်။ IT သမားဘက်က အမြင်တွေကိုပဲ ရေးထားတာပါ။ တစ်ခြား field ထဲက လူတွေကို ထိခိုက်နစ်နာစေလိုခြင်း လုံးဝမရှိပါဗျာ။


Ref:techrepublic

ကိုဘလိတ်

စိတ်တွေကို အရင်ပြင်ဖို့ လိုလိမ့်မည်

၁။
ဘန်ကောက်မြို့ လူစည်ကားသည့် တနေရာ ဖြစ်သည်။ အသက် ၆ဝ ဝန်းကျင်ခန့် အမျိုးသမီးကြီးသုံးဦးနှင့် အသက် ၂၅ နှစ်ခန့် အမျိုးသမီးငယ်တဦး ဈေးဝယ်နေကြသည်။ သူတို့လေးဦးစလုံး မြန်မာလူမျိုးတွေ ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ အဖွားကြီး သုံးယောက်နှင့် မိန်းမပျိုတို့ တဦးနှင့်တဦး မြန်မာလို စကားကို အကျယ်ကြီးပြောနေတာကို ကြားရသောကြောင့် ဖြစ်သည်။ ထိုအချိန် သူတို့နားသို့ အပြာနုရောင် ရှပ်လက်ရှည်နှင့် ကာကီရောင် ရှိုးဘောင်းဘီကို သားသားနားနား ဝတ်စားထားသည့် အသက်လေးဆယ်အရွယ်ခန့် လူစိမ်းအမျိုးသားတဦး ချဉ်းကပ်လာသည်။

Related Posts Plugin for WordPress, Blogger...

My Account