Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 29, 2012

ဉာဏ်ပညာထဲမှာ နှလုံးသားထည့်ပေါင်းဖို့ - မောင်သာချို

Photo

(တစ်)
ပညာပြည့်ဝ၊ နှလုံးလှသော်ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ် တောက်လိုရာ၊ ပြီးနိုင်စွာ၏။

လူတိုင်းနှင့် ရင်းနှီးသည့် ကဗျာကောက်နုတ်ချက်ကလေးပဲ ဖြစ်ပါသည်။စာမျက်နှာတစ်နေရာရာ ဒါမှမဟုတ် ရုံးခန်း၊ဧည့်ခန်း၊ အ စည်းအဝေးခန်းမ နံရံတစ်နေရာ ရာတို့၌ သည်ကဗျာ ကောက်နုတ် ချက်ကလေးကို အများပြည်သူ မြင်သာစေရန် သပ်သပ်ရပ်ရပ် ရေးသားချိတ်ဆွဲထားသည်များကို မကြာခဏတွေ့ရတတ်ပါသည်။ ငယ်ငယ် တုန်းကတော့သည်ကဗျာ ကောက်နုတ်ချက်အတိုကလေး ပေါ်မှာ ဘာမှ အလေးအနက်မရှိလှ။ နောက်တော့ကြီးလာလေလေ  တစိမ့်စိမ့်တွေးမိလေလေ အောင် မြင်ခြင်း၏ သော့ချက်ကို ရိပ်စား မိလေဖြစ်လာရသည်ကို ၀န်ခံလိုပါသည်။
လောကကို လိုသလို ထုဆစ် ပိုင်းဖြတ်ပုံဖော်နိုင်ဖို့အတွက် နှစ်ခုပဲလိုပါသတဲ့။ တစ်ခုက ပညာ။ တစ်ခုက လှသောနှလုံးသား။ ဒါက ကဗျာကောက်နုတ်ချက်၏ ဆိုလိုရင်း။ သည်ကဗျာ ကောက်နုတ် ချက်က မဃဒေ၀ လင်္ကာသစ် ထဲက ကောက်နုတ်ချက်ဖြစ်ပါ သည်။ ကဗျာစာဆိုက မန်လည် ဆရာတော် ဘုရား။ “မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည် သာပ၊ ငယ်မည်မှာ နကို သက်ရုံပဲ”ဟု ဆရာတော် ကိုယ်တိုင် ဖွဲ့ စပ်ဖူးခဲ့လေရာ ငယ်နာမည်ကို န သတ်ရုံနှင့် မာန်ဖြစ်သွားမည်ဟု ဆိုတာ ကတော့ ထင်ရှားပါသည်။
အဖသစ်ကုန်သည် ဦးထင် ညိုနှင့် အမိဒေါ်ဖြေတို့၏ သား။ မန်လည်မြို့ဇာတိ။ ရဟန်းအမည် ရှင်ဇ၀န။ မြန်မာနှစ် ၁၂၀၃ တွင် မွေး၍ ၁၂၈၂ တွင်ပျံလွန်တော်မူ။ သက် တော် ၇၉ နှစ်ဝါတော် ၅၆ ၀ါ။ အင်္ဂလိပ်အစိုးရ လက် ထက်၌အဂ္ဂမဟာပဏ္ဍိတဘွဲ့တံ ဆိပ်ကို အဆက်ကပ်ခံတော် မူခဲ့ရသူ။ မဃဒေ၀လင်္ကာသစ်က ဆရာတော်၏ နာမည်ကျော်လက်ရာ။  အခု အထက်တစ်နေရာ တွင် ကောက်နုတ်ဖော်ပြခဲ့သော ကဗျာတစ်ပိုင်းတစ်စက ထိုမဃ ဒေ၀ လင်္ကာထဲက ကောက်နှုတ်ချက်ဖြစ်ပြီး လူဆိုသည်မှာ ပညာ တတ်နေရုံမျှနှင့်မပြီး။ စိတ်ထား ကောင်းနေရုံမျှနှင့်လည်း မပြီး။ နှစ်ခုပေါင်းတော့မှ ဘ၀ကိုလိုသ လိုပုံဖော်ထုဆစ်နိုင်မည်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပေရာ လောကကို လွှမ်းခြုံကြည့်လိုက် တော့သည်အ တိုင်းဖြစ်နေသည်ကို ထင်လင်းစွာ တွေ့မြင်ရပါသည်။
(နှစ်)
ဆိုကြပါစို့။ အယ်လ်ဘတ် အိုင်းစတိုင်း    (Albert Einstein)    ဂျာမနီနိုင်ငံ ဂူတင်ဘာ့ဂ်မြို့သား။ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရှင်၊ E= mc2   ဟူသည့်စွမ်းအင်ဆိုင်ရာ ညီမျှခြင်း၏ ဖခင်၊ ၂၀ ရာစုနှစ်၏  စံပြလူသား  (Man of The Century For 20th Century)  ၊ ရူပဗေဒပညာရပ်နယ်ပယ်မှာ ကြယ်ပွင့်ကြီးတစ်လုံး၊ ဒါက အယ်လ်
ဘတ်အိုင်းစတိုင်း၏ ပညာဉာဏ်ကိစ္စ၊ထား။
သူ့ပညာ ဉာဏ်ကိစ္စကို အသာထားကာ စိတ်နေစိတ် ထားကို လှမ်းကြည့်လိုက်တော့ နှလုံးသားအလှကလည်း ထင်းထင်းကြီး။ အ၀တ်အစားကို ဘယ်တော့မှ တောက် တောက်ပြောင်ပြောင် ခံ့ခံ့ထည်ထည်နဲ့ ကိန်းကြီး ခန်း ကြီးမ၀တ်မဆင်ပါလေတဲ့။ ရိုးရိုး ကုပ်ကုပ် စုတ်စုတ်ချာချာသာမန် နေ့စဉ်လူထုဘ၀လိုသာ ၀တ်ဆင်ပါလေသတဲ့။ အစ္စရေး သမ္မတ အဖြစ် ကမ်းလှမ်းလာတော့ သူ့ အလုပ်မဟုတ်ဘူးဟုဆိုကာ ငြင်းဆန်ပါလေသည်။ ကိုယ်နှင့်မဆိုင်တာကိုဝင်မရှုပ်။ ဒေါ်လာ ၁၅၀၀ တန် ချက်လက် မှတ်ကိုဖတ်လက်စစာအုပ်ညှပ်ဖို့ လောက်သာစိတ်ဝင်စားလေသတဲ့။ ငွေကသူ့စိတ်ကို မလွှမ်းမိုးနိုင်။ သို့နှယ်ထို့နှယ်သော စိတ်ထားသဘောထားအလှများက သူ့ပညာ  ဉာဏ်ကြီးမှုဆီမှာ သွားရောက် ပေါင်းစပ်လေသောအခါ ချစ်မြတ်နိုးဖွယ်ရာ အယ်လ်ဘတ်အိုင်းစတိုင်းအဖြစ် ကမ္ဘာကျော်သွားပါလေတော့သည်။
ထပ်ဆင့်၍ ဆိုကြပါဦးစို့။ အိန္ဒိယနိုင်ငံ၏ ၁၁ ဆက်မြောက် သမ္မတကြီးအဖြစ် ၂၀၀၂ မှသည် ၂၀၀၇ အထိ တာဝန်ထမ်းဆောင် သွားခဲ့လေသော အဗဒူကလမ်   (Abdul Kalam) ၏ အကြောင်း။ ပညာဉာဏ်နယ်ပယ်တွင် သူက သိပ္ပံနှင့် နည်းပညာသမား။ ဒုံးပျံအင်ဂျင်နီယာ။  Anna Univer-sity Chennai  တွင်  PH.D သင်တန်းများ ပို့ချပေးသူ။ ပညာကြီးသည်ကဖြင့် အများသိပြီးပင်ဖြစ်ပါသည်။ သူ့စိတ်နေသဘာဝကရော။ ၂၀၀၇ ခုနှစ် ဇူလိုင် ၂၄ တွင် သမ္မတ သက်တမ်းကုန်ဆုံးတော့ နောက်တစ်နေ့ ဇူလိုင် ၂၅ မှာ သမ္မတ အိမ်တော်ပေါ်က ဆင်းသွားသည်။ သမ္မတအဖြစ် သေတ္တာနှစ်လုံးနှင့် ရောက်လာခဲ့ကာ ထိုသေတ္တာနှစ်လုံးနှင့်ပဲ ပြန်ဆင်းသွားလေသတဲ့။ သူ့ကိုယ်ပိုင် ပစ္စည်းက သူပိုင်ငွေကြေးနှင့် ၀ယ် ယူထားသည့်  စာအုပ်များသာ။ ဘ၀တလျှောက်လုံး ဘာလက်ဆောင်ကိုမှ သူမယူ။ သူသမ္မတတာဝန်ထမ်းဆောင်နေစဉ် ၂၀၀၆ ခုနှစ် မေလကြီးထဲ ဆွေမျိုး ဉာတိ စုစုပေါင်း ၅၂ ယောက်တို့ နယူးဒေလီသို့ရောက်လာကြလေသော အခါ သမ္မတအိမ်တော်၌မထားဘဲ နယူးဒေလီတစ်ဝိုက်ကတည်းခိုခန်းများ ၌သာနားခိုကြစေသည်။ အစိုးရကားကို မသုံး။ ကိုယ့်ကားနှင့်ကိုယ်သာ မြို့လုံးအနှံ့ လိုက်လံ ပို့ဆောင်ပြသကာ ကျွေးမွေးနေထိုင်စားသောက်စရိတ် ရူပီးငွေသုံးသိန်းခွဲ ၀န်းကျင်ကို ကိုယ်ပိုင် ငွေကြေးများထဲမှသာ သုံးစွဲကျခံခဲ့သည်။ အော်..ဤသို့ထိုသို့သော စိတ်နေစိတ်ထားအလှအပများက သမ္မတကြီး၏ဉာဏ်ပညာကြီးမှုဆီမှာသွား ရောက်ပေါင်းစပ်လေ သောအခါ ကမ္ဘာက ခေါင်းမော့ ငေးကြည့်ရသည့် အဗဒူကလမ် ဖြစ်သွားပါတော့သည်။
ထပ်ဆင့်၍ တစ်ဖန်ဆိုကြပါဦး စို့။ ဘီလ်ဂိတ် (Bill Gates) ကမ္ဘာကျော်မိုက်ကရိုဆော့ဖ်   (Microsoft) ကွန်ပျူတာကုမ္ပဏီကိုတည်ထောင်သူဘီလ်ဂိတ်။ ဉာဏသမား။ ဉာဏ်ဖြင့်အသက်မွေးဝမ်းကျောင်းသူ။ သူ့စိတ်ကတဲ့ရော။ သူပိုင်ဓနဥစ္စာ ဒေါ်လာ ၅၈ ဘီလီ ယံကို ပရဟိတကိစ္စများ ဆောင်ရွက်ရန်အတွက် ကမ္ဘာသို့ လှူဒါန်းထား လေသတဲ့။ ပညာကောင်း ကောင်းစိတ်ထားကောင်းကောင်းနှင့် ဘီလ်ဂိတ်ကို ကမ္ဘာက အလေးအနက်ထားတာ ဘာမှမဆန်း။ အိန္ဒိယနိုင်ငံ၏ နေတစ်ပွင့် လတစ်ပွင့် မဟတ္တမဂန္ဓီ(Gandhi) ဆိုလျှင်လည်း အင်္ဂလန်နိုင်ငံ၌ ဥပဒေပညာသွားရောက်သင်ယူခဲ့သူ ပညာတတ်။ သည်မျှအထိဖြင့် တော့ ဂနီဆိုတာ ဘာမှမဟုတ်။ သို့သော် သူက အကြမ်းမဖက် လမ်းစဉ်သမား။ သူ့တရားက ခန္တီ စတရား။ ရထားပေါ်သို့အတက် ဖိနပ်တစ်ဖက်ကျွတ်ကျသွားစဉ် နောက်တစ်ဖက်ကို ထပ်ချွတ်ချကာ ကောက်ရသောသူ တစ်ရန်အပြည့်စီးလို့ရဖို့ လုပ်ပစ်ခဲ့သူ။ မီးရထားကို စတုတ္ထတန်းမရှိလို့ တတိယတန်းက စီးပါတယ်ဟုဆိုသူ။ ပြည်တွင်းဖြစ်ကိုသာ ခြိုးခြံချွေတာစွာဖြင့် ၀တ်ဆင်သူ။ သည် မှာတွင် မဟတ္တမဂန္ဓီဆိုသော နာမည်ကြီးက ကမ္ဘာပေါ်မှာ ဟိန်းသွားပါတော့သည်။
(သုံး)
ဆိုကြပါစို့။ ဆိုကြပါစို့ဟူသော စကားဖြင့် တစ်ယောက်ပြီး တစ်ယောက်ထုတ်ပြရသော်ပညာပြည့် ၀ နှလုံးလှသော သူတို့ဆုံးနိုင်ဖွယ်မမြင်ပါ။ ဒေါက်တာ နော်မန်ဗက် သွန်းလည်းပါနိုင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းလည်းပါနိုင်ပါသည်။  သခင်ကိုယ်တော်မှိုင်းလည်းပါနိုင်ပါသည်။ တဂိုးလည်းပါနိုင်ပါသည်။ ထိုထိုသော ပုဂ္ဂိုလ်အပေါင်း တို့က ပညာတွင်နှလုံးသားထည့် ပေါင်းဖို့သာဓက ပြခဲ့ကြခြင်းပင်ဖြစ်ပါသည်။ ဒါကိုလည်းကုန်းဘောင်ခေတ် ရဟန်းစာဆိုတစ်ပါးဖြစ်သော မန်လည်ဆရာတော်ဘုရားက ခပ်စောစောကတည်းကပင်လျှင် “ပညာပြည့်ဝ၊ နှလုံးလှသော်” ဟု ထည့်သွင်းစပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ စာမေးပွဲမှာ အမှတ်တွေ အများကြီးရဖို့၊ ဂုဏ်ထူးတွေအများကြီး ထွက်ဖို့၊ သင်တန်းဆင်းလက်မှတ်တွေ တစ်ခုပြီးတစ်ခု ရဖို့ အမောတကော ကြိုးစားနေကြသော ခေတ်လူငယ်ရဲ့အနေနှင့် စိတ်ကိုလည်း တန်ဆာဆင်ဖို့မမေ့အပ်ကြောင်း တင်ပြလိုခြင်းဖြစ်ပါသည်။       ။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account