ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ မေလ ပထမအပတ်တွင် မြန်မာနိုင်ငံ နေရာဒေသမရွေး သယ်ဆောင် အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် ဂျီဖုန်းများအား တန်ဖိုးနှုန်းထားများ လျှော့ချပေးပြီး ရောင်းချသွားမည်ဟု တရားဝင် ထုတ်ပြန်ပေးရာ၌ နယ်မြေဒေသ ကန့်သတ်သုံးစွဲခွင့်သာ ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ “ဒီလထဲမှာ ဂျီအက်စ်အမ်ဖုန်းတွေ နှုန်းထား လျှော့ချ ရောင်းချပေးပေမယ့် ဖုန်းသုံးစွဲမှု ပိုများတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေ မပါသေးဘူး။ ဧပြီလ ၉ ရက်နေ့မှာ ရန်ကုန်၊ မန္တလေးကို ရောင်းချပေးမယ် ဆိုပေမယ့်လည်း တစ်နိုင်ငံလုံး သယ်ဆောင် အသုံးမပြုနိုင်သေးပါဘူး။ ဒါကလည်း သုံးစွဲမှုပိုများတဲ့ မြို့ကြီးတွေ ဖြစ်နေတဲ့အတွက် ဖုန်းလိုင်းမကျပ်အောင် ဆောင်ရွက်နေတဲ့ အတွက်ကြောင့်ပါ။ ဒီအတွက်လည်း တာဝါတိုင်တွေ တိုးချဲ့ ဆောက်လုပ်နေပါတယ်။ မေလပထမပတ်လောက် ဆိုရင်တော့ ဂျီဖုန်းလိုင်းတွေ လွယ်လွယ်ကူကူ တစ်နိုင်ငံလုံး ပြောဆိုသွားနိုင်မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
တန်ဖိုးနှုန်းထား လျှော့ချပေးလိုက်သည့် ဂျီအက်စ်အမ်ဖုန်း တန်ဖိုးနှုန်းထားမှာ ကျပ်နှစ်သိန်းဖြစ်ပြီး ယခင် ၁၅ သိန်း ၅ သောင်း ဂျီအက်စ်အမ်နှုန်းထက် တစ်ဆယ့်သုံးသိန်းငါးသောင်း လျှော့ချပေးခဲ့ပြီး ကျပ်ငါးသိန်း ဂျီအက်စ်အမ်ထက် ကျပ်သုံးသိန်း လျှော့ချပေးခဲ့သည်။ “တန်ဖိုးနှုန်းထား လျှော့ပေးလိုက်ပေမယ့် အရင်ဂျီဖုန်းတွေလို သုံးစွဲခွင့် တူညီမှာပါ။ လိုင်းဆွဲအားလည်း အတူတူပဲ။ နှုန်းထားပဲ ကွာသွားတာပါ။ အင်တာနက်ခလည်း အတူတူပဲ ကောက်ခံသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်တွင်းဖုန်းသုံးစွဲမှု မြင့်မားလာရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ ငါးနှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ ရောင်းချပေးမည်ဖြစ်ပြီး ယခင်နှစ်စီမံကိန်း ဖုန်းလေးသန်း၌ ပထမအရစ်ဖြင့် ဖုန်းလိုင်းတစ်သန်းခွဲ ရောင်းချပေးမည်ဖြစ်သည်။ ဒုတိယအရစ် စီမံကိန်းအား ဖုန်းများ စတင်ချထားပေးသည့် မတ်လ ၁၄ ရက်နေ့တွင် စတင်သွားမည် ဖြစ်ကြောင်း၊ ဖုန်းတန်ဖိုးနှုန်းထားများကိုလည်း စီမံကိန်းအလိုက် လျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ နိုင်ငံတကာဖုန်းတန်ဖိုး နှုန်းထားများအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက် အရ သိရသည်။
အောင်ဇော်