Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 19, 2012

Photoshop Cs 5 အသုံးပြုနည်း ( E-Book )


ကျွန်တော်တို့ Photoshop ကိုတော့ အားလုံးလိုလို စိတ်ပါဝင်စား ရှိကြပါတယ် .. တစ်ချို့ကလည်း လုပ်ငန်း ပိုင်းအတွက် အသုံးဝင်သလို တစ်ချို့ကလည်း စီးပွားရေးအတွက် လိုအပ်ကြပါတယ် .. တစ်ချို့ကြတော့ မိမိချစ်သူ သူငယ်ချင်း တွေအတွက် အပျော် လုပ်ချင် ကြတာမျိုးလည်း ရှိကြပါတယ် .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ အခုနောက်ပိုင်း ထွက်လာတဲ့ Adoble Photoshop Cs 5 အသုံးပြုနည်းကို Tool တစ်ခုချင်း စီအလိုက် ရှင်းပြထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ် .. ကျွန်တော် အောက်မှာ နှစ်နေရာ ခွဲပြီး တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..




အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

ဘာကြောင့် တရားနာသလဲ? (ဘာသာရေးဆိုင်ရာ အမေးအဖြေဆောင်းပါး)

စာဖတ်သူတို့ကို ဘာကြောင့်တရားနာသလဲမေးလျှင် တရားရချင်လို့ပေါ့၊ နိဗ္ဗာန်ရောက်ချင်လို့ပေါ့၊ ကုသိုလ်ရချင်လို့ပေါ့ စသည်ဖြင့် ဖြေကြပါလိမ့်မည်။ အမှန်စင်စစ်အားဖြင့် တရားနာသူတစ်ယောက်သည် ဗုဒ္ဓ တရားတော်အတိုင်း ကျင့်ကြံနေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သည်မှာ စိတ်ကောင်းစိတ်မြတ်ထားရှိဖို့ပင် ဖြစ်သည်။ ထို့ကြောင့် အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီးကလည်း “စိတ်ကောင်းရှိဖို့ ပထမ” ဟုမိန့်ဆိုထားခဲ့ခြင်း ဖြစ်သည်။
                   စိတ်ကောင်းလျှင် လူကောင်းမည်၊စိတ်ညံ့လျှင် လူညံ့ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အခြေခံ ကျောင်းသားဘ၀ကတည်းက စိတ်ကောင်းထားရှိကြစေရန် “စိတ်ဓါတ်၊စည်းကမ်း၊ပညာ” ဟူသောဆောင်ပုဒ်က ညွှန်ပြနေပါသည်။ ပုထုဇဉ်လောကကြီးတွင် အများနည်းတူ လူတစ်ယောက်သည် အကြောင်းအမျိုးမျိုးကြောင့် စိတ်အခန့်မသင့်တာ၊စိတ်ဆိုးတာများ ရှိပေလိမ့်မည်။ ထိုအချိန်တွင် မိမိစိတ်ကို အတတ်နိုင်ဆုံးထိန်းကာ ရှိရမည်။ မိမိစိတ်တွင်ဖြစ်ပေါ်လာသော အစိုင်အခဲများ၊ အခုခံများကိုထိန်းချုပ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ တရားထိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်သည် နေ့စဉ်နေ့တိုင်း အနည်းဆုံး(၁၅)မိနစ်လောက် ၀င်လေထွက်လေ ရှုမှတ်သင့်သည်။
                   ထိုအခါ မိမိစိတ်သည် စူးစိုက်မှုအားလောက်လာကာ မိမိပြုလုပ်သော အလုပ်အပေါ်တွင် အကျိုးဖြစ်ထွန်းရုံသာမက ပြဿနာများပေါ်ပေါက်လာလျှင်လည်း စိတ်ကိုချုပ်ထိန်းကာ ပြဿနာကိုလွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထို့အပြင် မြတ်စွာဘုရား ဟောကြားခဲ့သော ဗြဟ္မစိုရ်တရား(၄)ပါးကို ကျင့်ကြံနေထိုင် အားထုတ်လျှင်လည်း ကောင်းကျိုးများစွာရရှိပေလိမ့်မည်။ ထို့ကြောင့် လူသားတိုင်းအပေါ် မေတ္တာထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ မေတ္တာတရားသည် ကြေးမုံမုန်တစ်ချပ်နှင့်လည်း တူသည်။ မေတ္တာတရားသည် ပေး၍မကုန်နိုင်သော စမ်းရေနှင့်လည်း တူသည်။
          မိမိအပေါ်လူတစ်ယောက်သည် အဆုံးစွန်မကောင်းစေခဲ့ကာမူ မိမိသည် ထိုသူအပေါ် မေတ္တာတရား ပွားများနေသင့်သည်။ ထိုအခါ် မိမိပို့သအပ်သောမေတ္တာတရားကြောင့် အကယ်၍ မိမိအပေါ် မကောင်းကြံလာပါက ထိုသူသည် တန်ပြန်အကျိုးခံစားရလိမ့်မည်။ မေတ္တာထက် အဆင့်မြင့်သော ကရုဏာတရား ထားနိုင်လျှင်လည်း အကောင်းဆုံးဖြစ်မည်။ လူသားတိုင်း ကရုဏာတရားလက်ကိုင်ထားလျှင် ကမ္ဘာပေါ်တွင် စစ်ပွဲများထာဝရ ငြိမ်းချမ်းသွားလိမ့်မည်။ ထို့ကြောင့် သတ္တ၀ါတိုင်းအပေါ် ကရုဏာထားသင့်သည်။ မိမိပစ်လိုက်သော လောက်စာလုံးကြောင့်ငှက်ကလေး သေသွားမလား၊ မိမိရိုက်လိုက်သောတုတ်ချက်ကြောင့် ခွေးလေးတစ်ကောင် ခြေထောက်နာသွားမလား စသည်ဖြင့် မိမိဘာသာ စဉ်စားကြည့်သင့်သည်။
          ဘယ်အရာမဆိုလုပ်ဆောင်မည်ဆိုလျှင် ပထမဦးစွာစဉ်းစားသင့်သည်။ မိမိလုပ်သင့် မလုပ်သင့်။ မိမိကြောင့် တစ်ပါးသူ ဒုက္ခရောက် မရောက်။မိမိကြောင့် လူတစ်ယောက်လောကအလယ်မှာ မျက်နှာငယ် မငယ်
စသည်ဖြင့် မိမိကိုယ်ပိုင်အသိစိတ်ဖြင့် ဆုံးဖြတ်သင့်သည်။ ဥပမာဆိုရလျှင်- သင့်ကို မောင်မောင်က ရန်လာစလျှင် သင်က အပေါင်းအသင်းတွေကိုခေါ်ပြီး မောင်မောင်ကို ကလဲ့စားချေမှာလား? သို့မဟုတ် မောင်မောင့်အပေါ်ကို မေတ္တာထားကာ နေမလား? စာဖတ်သူတို့ကိုယ်တိုင် ဆုံးဖြတ်ကြည့်ကာ ပြန်လည်ဆန်းစစ်ကြည့်ပါ။
                   မိမိသည် ထိုသူအပေါ် မေတ္တာ၊ ကရုဏာ ထားသည့်တိုင်အောင် ထိုသူသည် မိမိအပေါ်တွင် မကောင်းကြံနေသည်ရှိသော် မုဒိတာတရားပွားများနေသင့်သည်။ မုဒိတာပွားနေခြင်းကြောင့် မိမိစိတ်တွင် အေးချမ်းမှု ရှိမည်။ မိမိပတ်ဝန်းကျင်တွင်လည်း အေးချမ်းမှုရှိလာမည်။ ဥပမာဆိုရသော် မိမိစိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော လူတစ်ယောက်သည် အကြောင်းတစ်ခုခုကြောင့် အောင်မြင်မှုများရရှိနေပါက ဖြူစင်သောစိတ်ဖြင့် ထိုသူနှင့်အတူ ၀မ်းသာစွာနေလိုက်ပါ။ မနာလိုစိတ်များ မထားရှိပါနှင့်။ ထိုအခါ ထိုသူ၏စိတ်တွင် “ မိမိသည်  သူ့အပ်ါမကောင်းကြံခဲ့တာတောင် ခွင့်လွတ်ပေးနိုင်ပါလား ” ဟုထင်မိလာကာ မေတ္တာတရား၏ တန်ပြန်အကျိုးကို ခံစားရရှိလာလိမ့်မည်။
                   အကယ်၍ မိမိသည် ထိုသူအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား ထားသည့်တိုင်အောင် မိမိအပေါ်တွင် ဆက်လက်၍မကောင်းကြံစည်နေပါက အကောင်းဆုံးနည်းလမ်းမှာ ဥပက္ခာပြုထားလိုက်ပါ။ ဥပက္ခာ ပြုရန်ဆိုသည်မှာ သာမန်သူအဖို့လွယ်ကူသောအရာ မဟုတ်ပေ။ ထိုအခါ မိမိသည် ထိုသူနှင့်ပတ်သက်သော အကြောင်းအရာများကို စိတ်မှထုတ်ပစ်လိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထိုသူနှင့် အကယ်၍ ဆုံတွေ့လာခဲ့လျှင်တောင် မသိသလိုနေလိုက်ခြင်းဟာ အကောင်းဆုံးဖြစ်သည်။ထိုအခါ မိမိစိတ်သည်လည်း အေးချမ်းသွားပါလိမ့်မည်။
                   ထို့ကြောင့် တရားနာခြင်းဟာ ကုသိုလ်ရဖို့သက်သက်လား? သို့မဟုတ် ရှင်တော်ဘုရားဟောကြား ခဲ့သည့်အတိုင်း ကျင့်ကြံနေထိုင်ဖို့က အဓိကလား? ဆိုတာကို စာဖတ်သူတို့ကိုယ်တိုင် ဆန်းစစ်ကြည့်ကြပါ။ လောကဟူသည် နိမ့်တစ်ခါ မြင့်တစ်လှည့်၊ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ ဖြစ်သည်။ အကောင်း အဆိုး၊ အကြောင်း အကျိုး ဒွန်တွဲနေသည်။ မိမိထက်သာစဉ်က မိမိအပေါ်မည်မျှနှိပ်စက်ခဲ့သော်လည်း မိမိအသာစီးရနေသည့်အခါတွင် မူ ပြန်လည်မနှိပ်စက်သင့်ပေ။ ဒုက္ခရောက်နေသူကို ကူညီဖေးမစောင့်ရှောက်ပါ။ မိမိကစေတနာသက်သက် ကူညီသည့်တိုင်အောင် မကောင်းကြံစည်နေလျှင် ထိုသူကို ဥပက္ခာပစ်လိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် တရားနားခြင်းဟာ တရားပွဲသွားပြီး “ တင်ပါ့ဘုရား၊ မှန်ပါ့ဘုရား ” ဟု အော်နေရုံနဲ့ မပြီးပေ။ ဟောကြားတော်မူသော တရားတော်များကို အာရုံစိုက်နားထောင်ကာ လိုက်နာကျင့်သုံးရန်လည်း လိုအပ်သည်။
                   တရားတော်များနာကြားပြီး သတ္တ၀ါတိုင်းအပေါ် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ မေတ္တာတရား ပွားများနိုင်ကြသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်လာနိုင်ကြပါစေ။

                                                                                                          လင်းယံခ ( မြန်မာစာ)

{ ဒီဆောင်းပါးလေးကတော့ ဆေးတက္ကသိုလ် မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သော နံရံကပ်စာစောင်ပြိုင်ပွဲတွင် ရွေးချယ်ခံရသော ဆောင်းပါး တစ်ပုဒ်ဖြစ်သည်. }

"ရင်နာခြင်း"

"ရင်နာခြင်း"

အညာတစ်ခေါက်နက်မောက်ရောက်ပြန်တော့

စိတ်ထဲကပြန် လွမ်းရပြန်တဲ့

အာဇာနည်ဘွား ဗိုလ်အောင်ဆန်းရာ

ခင်ဗျားမွေးနေ့ (၁၃)ရက်နေ့

မေ့နေကြတာ ရင်နာလိုက်တာ ....
ဘာမဆိုင်တဲ့ Valentine ကိုတော့
သူတို့တတွေက သတိရကြတယ်ပေါ့
တွေးမိတိုင်းရင်လေးမိတဲ့ ငါတို့ရဲ့မျိုးဆက်တွေ၊
တိုးတက်နေတဲ့ကမ္ဘာကြီးမှာ
နှိမ့်ကျနေတဲ့ သူတို့ရဲ့စိတ်ဓာတ်တွေ၊
သူတို့ရဲ့နှလုံးသားတွေထဲမှာ
ငါတို့နိုင်ငံတော်ကိုလွတ်လပ်ရေးရအောင်
အသက်စွန့်ကြိုးပမ်းခဲ့တဲ့
ဗိုလ်ချုပ်မွေးနေ့ကို မေ့နေကြတာ
ကျွန်တော်ရင်နာလိုက်တာဗျာ!





ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

                                            

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာ အချက်၂၀


ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က
ဆုံးမစာ အချက်၂၀ ကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

နာမည်ကျော်များအတွက် တရားဝင် စာမျက်နှာများ သတ်မှတ်ပေးရန် Facebook စီစဉ်



Photo
Twitter ဝက်ဘ်ဆိုက်ကဲ့သို့ပင် နာမည်ကျော် Celebrity များကိုလည်း Facebook က စီစစ်ပြီး တရားဝင် Page များအဖြစ် သတ်မှတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။ Twitter တွင် လူသိထင်ရှား ပုဂ္ဂိုလ်များကို တရားဝင် Page များ ထောက်ခံ ဖော်ပြပေးထားသည့် Verified Celebrity Feature မျိုး ထည့်သွင်းပေးထားရာ ယင်းကို ယခုအခါ Facebook ကပါ လိုက်လံ ကျင့်သုံးရန် ရည်ရွယ်လာခြင်း ဖြစ်သည်။ Celebrity များကို အစိုးရထံ မှတ်ပုံတင်ထားသည့် အမည်ဖြင့်ပင် ဖော်ပြမည်ဖြစ်ပြီး ထင်ရှားသော အခြားအမည် (ဥပမာ လေဒီဂါဂါ) ရှိပါကလည်း ရှာဖွေရ လွယ်ကူစွာဖြင့် တွေ့ရှိရန် Facebook က စီစဉ်ပေးထားသည်။
 


ဂါဂါအနေဖြင့် သူမ၏ အမည်ရင်း စတက်ဖနီဂါမန်နိုတာဆိုသော အမည်ဖြင့်ရော၊ အနုပညာ အမည်ဖြင့်ပါ ပရိသတ်နှင့် ထိတွေ့နိုင်မည် ဖြစ်သည်။ Facebook သည် ဝက်ဘ်ဆိုက်အတွင်း Subscribe ပြုလုပ်ခြင်း အများအပြား ရရှိသူများကို Celebrity အဖြစ် ပြောင်းလဲပေးသွားမည်ဖြစ်ပြီး ယင်းကို ပြန်လည်၍ အတည်ပြုနိုင်ရန် ရည်ရွယ်ထားသည်။ Facebook သည် ဝက်ဘ်ဆိုက် သုံးစွဲသူများအား Subscribe ပြုလုပ်ပေးရမည့် Account များအတွက် (၂၀၁၁) ခုနှစ်ကတည်းက အကူအညီ တောင်းခံထားခဲ့သည်။

ဝက်ဘ်ဆိုက်၏ CEO ဖြစ်သူ မာ့ခ်ဇူကာဘာ့ဂ်အတွက် Subscribe ပြုလုပ်ပေးသူ (၁၁.၅) သန်းထိ ရှိနှင့်ပြီး ဖြစ်သည်။ Facebook ၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “Subscribe Feature ကို အသေးစား Update လုပ်လိုက်တဲ့ သဘောပါ။ ပမာဏ အမြောက်အမြား Subscribe ပြုလုပ်ခံရသူတွေဟာ Celebrity စာရင်းမှာ ပါဝင်လာအောင် စီစဉ်ပေးထားပါတယ်” ဟု ရှင်းပြသွားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်း သုံးစွဲသူများအား လက်ရှိ Post Paid မှ Prepaid (ငွေဖြည့်ကဒ်) စနစ်ဖြင့် ပြောင်းလဲဝန်ဆောင်မှု ပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပေးတင်ပြချက်

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ပြောဆိုဆက်သွယ် နိုင်ရေးအတွက်  အစဉ်စဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါသည်။

၂။ GSM မိုဘိုင်းတယ်လီဖုန်းများကို ယခု Post Paid စနစ်ဖြင့် အသုံးပြုနေကြသော သုံးစွဲသူများခင်ဗျား Prepaid စနစ်သို့ ပြောင်းလဲအသုံးပြုလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပေးပို့ထားသော SMs မှ YES ကို ရိုက်နှိပ်၍လည်းကောင်း၊ နံပါတ် (၁၈၈၁၂) သို့ YES ဟု တိုက်ရိုက်နှိပ်၍လည်းကောင်း၊ (၁၅.၄.၂၀၁၂) ရက်နေ့ (၁၆ : ၀၀) နာရီအတွင်း အကြောင်းပြန်ရန် လိုအပ်ပါသည်။

၃။ Prepaid စနစ်သို့ ပြောင်းလဲရန် အဆိုပြုထားသည့် GSM မိုဘိုင်းတယ်လီဖုန်းများကို သက်ဆိုင်ရာ GSM အိတ်ချိန်းနယ်မြေအလိုက် (၁.၃.၂၀၁၂) ရက်နေ့တွင် ၀၉-၂၀xxxxx, ၀၉-၂၁xxxxx, ၀၉-၂၂xxxxx, ၀၉-၂၃xxxxx, ၀၉-၂၄xxxxx, ၀၉-၅၅xxxxx နံပါတ်များအားလည်းကောင်း၊ (၁.၅.၂၀၁၂) ရက်နေ့မှစ၍ ကျန်ရှိသည့် နံပါတ်များအားလည်းကောင်း အဆင့်ဆင့် Prepaid စနစ်သို့ စတင်ပြောင်းလဲ ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် GSM တယ်လီဖုန်းသုံးစွဲသူများ၏ Prepaid စနစ်အဖြစ် ပြောင်းလဲဝန်ဆောင်ပေးမည့် တယ်လီဖုန်းများအား အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှု မပြတ်တောင်စေရေးအတွက် ၁၀၀၀ိ/- ကျပ် (ကျပ်တစ်ထောင်တိတိ) ကြိုတင်ဖြည့်တင်း ပေးထားမည်ဖြစ်ပြီး၊ ၎င်းအထဲမှ မိမိပြောဆိုသည့် မိနစ်အတိုင်း ကျသင့်သွားမည် ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါ GSM ဖုန်းများကို ပြည်သူများ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်းသာ ဖြစ်ပါသည်။ သုံးစွဲသူများ၏ ယခင်ဖုန်းနံပါတ်များ ပြောင်းလဲမည် မဟုတ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

၎။ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှု ရယူသည့် GSM မိုဘိုင်းတယ်လီဖုန်းများ အနေဖြင့် မိမိနောက်ဆုံး Post Paid အဖြစ် သုံးစွဲစဉ်ကာလအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်း ခေါ်ဆိုခများကိုမူ ယခင်စနစ်များအတိုင်း ပေးချေရန် လိုအပ်ပါမည်။ ကြိုတင်ငွေပေးသွင်းထားသော GSM မိုဘိုင်းဖုန်းများသည် Prepaid စနစ်အဖြစ် ပြောင်းလဲဝန်ဆောင်မှု စတင်အသုံးပြုသည့်နေ့အထိ ပိုငွေရှိပါက ၎င်းပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည် ဖြစ်ပါသည်။

၅။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၁၈၇၆ (Call Center) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အော်တိုတယ်လီဖုန်း (လိုင်းဖုန်း) များအား Prepaid စနစ်သို့ ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ်အား အသိပေးတင်ပြချက်


၁။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ပြည်သူများ ဆက်သွယ်ပြောဆိုမှု၊ အဆင်ပြေ လွယ်ကူစေရေးအတွက်  အစဉ်စဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါသည်။
 
၂။ သို့ပါ၍ ၂၀၁၂ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှစတင်၍ (၀၁- ၂၃၀xxxx) နံပါတ်ဖြင့်စသော အော်တိုတယ်လီဖုန်း (လိုင်းဖုန်း) များကို Postpaid စနစ်မှ ကြိုတင်ငွေဖြည့်ကဒ် Prepaid စနစ်သို့ စတင်ပြောင်းလဲ တပ်ဆင်ပေးမည် ဖြစ်ပါသည်။

၃။ ကြိုတင်ငွေဖြည့်ကဒ် Prepaid စနစ်သို့ ပြောင်းလဲလိုသူများသည် လိုအပ်မည့် ပုံစံများကို အော်တိုတယ်လီဖုန်းရုံး၊ အမှတ် (၁၀၃)၊ လမ်း (၄၀)၊ ကျောက်တံတားမြို့နယ်တွင် အခမဲ့ရယူ၊ ဖြည့်သွင်း၊ ဆန္ဒပြုနိုင်ပါသည်။

၎။ ပြည်သူများ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်း ဖြစ်ပါသဖြင့်၊ မူရင်းဖုန်းနံပါတ်များ ပြောင်းလဲမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

၅။ တယ်လီဖုန်းတစ်လုံးသည် တစ်ကြိမ်သာ ပြောင်းလဲနိုင်ပါသည်။

၆။ Prepaid စနစ်သို့ ပြောင်းလဲလိုသည့် တယ်လီဖုန်းများသည် (၁.၃.၂၀၁၂) ရက်နေ့မှစတင်၍ ပြောင်းလဲနိုင်မည်ဖြစ်ပြီး မိမိတို့ ဖုန်းတွင် ငွေဖြည့်ကဒ် (Top-Up-Card) များဖြင့် ငွေဖြည့်သွင်း၍ အသုံးပြုရမည် ဖြစ်ပါသည်။

၇။ Prepaid စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်းခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရမည်ဖြစ်ပြီး၊ ကြိုတင်ငွေပေးသွင်းးထားသော တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုခများကို ပေးချေပြီးနောက်၊ ပိုငွေကျန်ရှိပါက ပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည် ဖြစ်ပါသည်။

၈။ ဌာနဆိုင်ရာနှင့် All in FE တယ်လီဖုန်းများသည် Postpaid စနစ်ဖြင့် ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၉။ Prepaid Top-Up-Card များကို အမှတ် (၁၀၃)၊ လမ်း (၄၀)၊ ကျောက်တံတားမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းရုံးနှင့် အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်း၊ ငွေစာရင်းရုံးတို့တွင် ဦးစွာရောင်းချပေးသွားမည်ဖြစ်ပြီး၊ တယ်လီဖုန်းအခွန်ငွေ လက်ခံသည် စခန်းများတွင်ပါ ရောင်းချပေးသွားမည် ဖြစ်ပါသည်။

၁၀။ အသေးစိတ် သိရှိလိုပါက Call Center ဖုန်းနံပါတ် (၁၈၇၆) သို့ ဆက်သွယ်၊ စုံစမ်း မေးမြန်းနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...

My Account