Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 1, 2012

အလုပ်နေရာ တည်တန့် ခိုင်မြဲစေသောယတြာ

တစ်နေ့သ၌ ကျွန်ုပ်သည် အင်မတန်ကျဉ်းမြောင်းလှသော ကျွန်ုပ်၏ အခန်းကျဉ်းကလေးထဲတွင် သန့်ရှင်းရေး ပြုလုပ်နေ၏။ အမှန်အတိုင်း ပြောဆိုရပါမူ ကျွန်ုပ် ထိုင်းနိုင်ငံတွင် ငှားရမ်းနေထိုင်သော အခန်းကလေး သည် အင်မတိအင်မတန်ကို ကျဉ်းလွန်းလှတော့၏။ မည်မျှလောက် ကျဉ်းသနည်းမူ အခန်းလေးထဲတွင် လူဆယ်ယောက် ကောင်းကောင်းထိုင်လို့ မရလောက်အောင် ကျဉ်းလှ၏။


ထိုအခန်းကျဉ်းကလေးထဲတွင် အောင်တော်မူပွဲများ ထိုးထားသော ဘုရားကျောင်းဆောင် မှလည်း နေရာတ၀က်လောက် ယူထား၏။ ကျွန်ုပ်၏ ဗေဒင်ဟောသော စားပွဲကလည်း နေရာ ယူထား၏။ ထိုအတူ ကျွန်ုပ်၏ အ၀တ်အစားများ ထည့်ထားသော လူတစ်ရပ်ခန့် ဗီဒိုလည်း ရှိ၏။ ထိုအတူ ဧည့်သည်မရှိလျှင် အခန်းတံခါးပိတ်၍ ဟစ်ဟော့သီချင်းများကို မည်သူမျှမကြားအောင် အော်ဆိုမည်ဟု စိတ်ကူး၍ လူတစ်ရပ်ခန့် ရှိသော ကာရာအိုကေ ဆောင်းဘောက်စက်ကြီးများလည်း ၀ယ်ထားမိ၏။ စာအုပ်များက လည်း တော်တော်များများ ပြန့်ကျဲနေ၏။ ထိုအတူ ကွန်ပြူတာ နှင့် တိုလီမုတ်စ ပစ္စည်းများလည်း စည်းစနစ် မကျစွာ ပြန့်ကျဲလျှက် ရှိလေ၏။

အမှန်အတိုင်း ပြောဆိုရပါမူ ကျွန်ုပ်သည် ကြွက်သိုက်ကဲ့သို့ ရှုပ်ပွနေသော ထိုအခန်းကျဉ်း ကလေးထဲတွင်ပင် ဗေဒင်ဟော၏။ ထမင်းစားလည်း ထိုနေရာ၊ နောက်ဆုံး အိပ်လည်း ထိုနေရာတွင်ပင် ဖြစ်သလို နေရလေ၏။ ကျွန်ုပ်၏ ဗေဒင်ဟောခန်းထဲသို့ ရောက်လာကြကုန်သော ဧည့်သည်များသည် ကျွန်ုပ်၏ အခန်းထဲတွင် အစီအစဉ်မကျ စနစ်မကျ ရှိနေသော ပစ္စည်းပစ္စယများကို ကြည့်၍ ဆရာ အခန်းကလည်း စာဗူးထောင်း ကျနေတာပဲ။ ကြွက်သိုက်မှ တကယ့် ကြွက်သိုက်ပဲဟု အားမနာပါးမနာ ပြောဆို ဝေဖန်ကြကုန်၏။

ထို့ကြောင့် တစ်နေ့တွင် ကျွန်ုပ်၏ အခန်းကျဉ်းကလေးအား သန့်ရှင်းရေး လုပ်မိလေ၏။ အရင်အတိုင်း ပြန့်ကျဲနေသည်က တော်သေး၏။ ရှင်းလိုက်မှ ပိုရှုပ်သွားတော့၏။ ဟိုပစ္စည်းကို ဟိုရွေ့ ၊ ဒီပစ္စည်းကို ဟိုနေရာပြောင်း စသည်ဖြင့် လုပ်လိုက်မှ လူတစ်ကိုယ်ထိုင်စရာ နေရာမရှိတော့လောက်အောင် ပို၍ပင် ရှုပ်ပွသွားလေတော့၏။ ကျွန်ုပ်လည်း အခန်းတွင်းမှ ပစ္စည်းပစ္စယများကို ကြည့်ရင်း မောပန်းနွမ်းနယ်လျှက် ရှိလေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်၏ အခန်းတွင်းသို့ ကျွန်ုပ်နှင့် လွန်စွာရင်းနှီးခင်မင်သော မင်းသူဆိုသော မိတ်ဆွေတစ်ဦး ရောက်ရှိလာ၏။ သူသည် ကျွန်ုပ်အလုပ်ရှုပ်နေသည်ကို မြင်တွေ့လျှင်

“ဘာတွေများ တစ်ယောက်တည်း အလုပ်ရှုပ်နေရတာလဲ ဆရာရဲ့” ဟု မေးမြန်းလေ၏။

ဒီလိုပါ မောင်မင်းသူရယ်။ ကိုယ့်အခန်းက တော်တော်လေး ကျဉ်းတယ်မဟုတ်လား။ အဲဒီ ကျဉ်းပါတယ်ဆိုတဲ့ အခန်းထဲကို ငါက လိုအပ်တာတွေရော ၊ မလိုအပ်တာတွေရော ပြည့်သိတ်နေအောင် ထည့်ထားတာဆိုတော့ နည်းနည်းလေးများ သန့်၇ှင်းရေးလေး စနစ်တကျ လုပ်လိုက်ရင် နေရာလေးများ ချောင်သွားမလားဆိုပြီး လုပ်ကြည့်နေတာပါကွာ။ ဒါပေမယ့် လုပ်လိုက်မှ ပိုတောင် ဆိုးသွားသေးတယ်။ တစ်ခါတစ်လေကျတော့လည်း တစ်ချို့ကိစ္စတွေက ဘာအပြောင်းအလဲမှ မလုပ်တာဟာ ပြောင်းလဲတာထက်တောင် ပိုကောင်းဦးမယ်ကွ။ ဒီနေ့ကလည်း တနင်္ဂနွေနေ့ဆိုတော့ ဧည့်သည်တွေကလည်း လာဖို့ ချိန်းထားသေးတယ်ဆိုတော့ မြန်မြန်လေး လုပ်နေရတာဟေ့” ဟု ကျွန်ုပ်က ပြောလိုက်၏။ ထိုအခါ မောင်မင်းသူက.....

“ဒီနေ့ အလုပ်များနေရင်လည်း မနက်ဖြန်မှ လုပ်ပေါ့ ဆရာရယ်” ဟု ကျွန်ုပ်အား ပြောလေ၏။

“ နက်ဖြန်ဆိုတာ ဒီနေ့ မဟုတ်ဘူးလေကွာ။ ငါက ဒီနေ့ကို လုပ်ချင်တာ၊ တိတိကျကျကို ပြောရရင် အခုချက်ချင်းကို လုပ်ချင်တာ” ဟု ပြန်ပြောလိုက်လေရာ မောင်မင်းသူက

“ ဆရာ့ကို ကြည့်ရတာ စိတ်ပင်ပန်းလို့ ပြော၇တာပါ ဆရာရယ်။ ဟို ဆရာ့ ညီလေးတွေလား ၊ တူလေးတွေလား၊ ရွာကနေ ခေါ်ထားတဲ့ ကောင်လေးတွေလည်း ရှိတာပဲ။ သူတို့ကို ခိုင်းပေါ့” ဟု ပြောလေ၏။

“ မင်းပြောတာ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ဆိုတာ ငါမှ မဟုတ်ပဲ၊ သူတို့ကို ခိုင်းရတာဟာ ငါ့ကိုယ်ငါ ခိုင်းရတာလောက် ဘယ်လာ စိတ်တိုင်းကျမလဲကွာ။ သူတို့ဟာ ဘယ်လောက် ကျိုးနွံတယ်လို့ သဘောထားထား ငါ့ကိုယ်ငါ ခိုင်းတာလောက် ကျိုးနွံမှာမဟုတ်ဘူး” ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်မင်းသူက

“ဆရာ့ကို ကြည့်လိုက်ရင် တစ်နေ့လုံး တစ်ညလုံး ပင်ပင်ပန်းပန်း လုပ်ကိုင်နေတာချဉ်းပဲ တွေ့ရတယ်။ နေ့မအား ညမနားနဲ့။ နားနေတယ်လို့လည်း မတွေ့ရပါဘူး။ ဟောခန်းထဲကို ဗေဒင်လာမေးတဲ့ လူတွေကိုလည်း စိတ်ကျေနပ်အောင် ဗေဒင်တွက်ပေးရတယ်။ လိုအပ်တဲ့ လူတွေကိုလည်း ယတြာချေပေးရသေးတယ်။ ဒီကြားထဲ အင်တာနက်ကနေလည်း ဟောစာတမ်းတွေ ကလေးအမည်ပေး လုပ်ငန်းအမည်ပေးတွေ လုပ်နေရသေးတယ်။ ဒီကြားထဲ နိုင်ငံတကာကို ဖုန်းနဲ့ ဗေဒင်တွက်ပေးနေသေးတယ်။ ကြာရင်တော့ ဆရာ ကျန်းမာရေးထိခိုက်လိမ့်မယ်။ အဲဒီတော့ ဆရာရယ်။ နားနားနေနေလေး လုပ်စမ်းပါဟု အပြစ်တင်လိုက်၏။ ထို့ကြောင့် ကျွန်ုပ်က .....

ဒီလိုကွ။ ဘ၀ကို ဆင်းဆင်းရဲရဲ ဖြတ်သန်းနေရတဲ့လူဆိုတော့ ဇိမ်နဲ့ အေးအေးဆေးဆေး မနေတတ်ပါဘူးကွာ။ တစ်ခါတစ်လေ ဇိမ်နဲ့ နားနားနေနေ နေမိရင် ကိုယ့်ကိုယ်ကို ရှက်သလိုတောင် ဖြစ်မိတယ်ဟေ့။ အောင်မာ ငါက အေးအေးဆေးဆေး နားနေရအောင် ငါ့ကိုငါ ဘာကောင်များ မှတ်နေသလဲလို့ အတွေးပေါ်မိတယ်ဟေ့။ အဲဒီတော့ မင်းပြောသလို အေးအေးဆေးဆေး နားနားနေနေ မနေနိုင်ပါဘူး။ တစ်ခုခု ထလုပ် လိုက်ရတော့တာပါပဲ။ ပြီးတော့ အလုပ်က ကြီးကြီးကျယ်ကျယ် လေးလေးပင်ပင် မဟုတ်ပေမယ့် အခု ဒီဗေဒင် အလုပ်လေးတွေကပဲ ပြီးတယ်လို့ မရှိဘူးကွ။ တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို လုပ်နေရတာ။ နောက်တစ်ခု ငါတို့ အဘမင်းသိင်္ခ ပြောတဲ့ စကားတစ်ခွန်းလည်း ရှိသေးတယ်။ အလုပ်လုပ်နေတယ် ဆိုတာ အသက်ရှင်နေတာကို ဖော်ပြတာပဲတဲ့။ အဲဒီတော့ အသက်ရှင်နေသေးကြောင်း အကောင်းဆုံးသက်သေဟာ အခုလို အလုပ်လုပ်နေခြင်းပဲ မဟုတ်လား” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ မောင်မင်းသူက...

ထားလိုက်ပါတော့ ဆရာရယ်။ အခု ကျွန်တော် ဆရာဆီလာတာက ကိစ္စလေးတစ်ခု ရှိလို့ဆရာရဲ့။ ကျွန်တော့် မိတ်ဆွေ တစ်ဦးက အလုပ်ရုံတစ်ခုမှာ (၀ဏ္ဏ) အလုပ်သမားခေါင်းဆောင်ပါ။ အခု သူ့ကို မနာလိုတဲ့ လူတွေက ထိုးနှက်တိုက်ခိုက်ကြလို့ သူ နေရာလေးက ပြောင်းပေးရတော့မလို ဖြစ်နေတယ်။ သူကလည်း နှစ်ပေါင်းများစွာ အနစ်နာခံ ပေးဆပ်ပြီးမှ ၇တဲ့ နေရာလေးဆိုတော့ ပြောင်းမပေးချင်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ဆရာတို့ ပညာမှာ အဲဒီလို အလုပ်နေရာ မပြောင်းရတဲ့ ၊ တည်တန့်ခိုင်မြဲစေတဲ့ ယတြာနည်းလေးရှိရင် ကျွန်တော့် မိတ်ဆွေအတွက် လုပ်ပေးပါလား” ဟု ပြောလေ၏။

ဒီလိုရှိတယ်ကွ။ ငါက ဆရာကြီးမင်းသိင်္ခဆီကနေ ဗေဒင်ပညာရပ်တွေကို လေ့လာသင်ယူပြီး ဗေဒင်ဆရာ ဘ၀နဲ့ ရပ်တည်လာခဲ့တာ အခုဆိုရင် ဆယ်စုနှစ်တွေတောင် ကျော်လာခဲ့ပြီ။ မကြာခနဆိုသလို အဲဒီလို နေရာအပြောင်းအလဲနဲ့ ပါတ်သက်တဲ့ အခက်အခဲတွေ တွေ့ကြုံရတဲ့သူတွေကို ကြုံတွေ့ရတယ်။ အဲဒီလို ကြုံတွေ့ရတိုင်း အခုပြောပြမယ့် ယတြာကို လေးလေးနက်နက် လုပ်ခိုင်းလိုက်တာချဉ်းပဲ။ အားလုံးနည်းပါး အောင်မြင်သွားကြတာ ချဉ်းပဲကွ။ မင်းမယုံဘူးဆိုရင် ဒီယတြာလုပ်လို့ အောင်မြင်သွားကြတဲ့ သူတွေကို မင်းလိုက်မေးလို့ ရအောင် ငါ နာမည်တွေ ရေးပေးလိုက်လို့ ရတယ်ကွ” ကျွန်ုပ်က ပြောလိုက်လေလျှင် မောင်မင်းသူက . ဘယ်လို လုပ်ရတာလဲ ဆရာရယ်။ ပြောပါဦး” ဟု ပြန်ပြောလေ၏။

ယတြာက လွယ်လွယ်လေးပါပဲ။ ကျောက်ပျဉ်တစ်ချပ်ပေါ်မှာ ကိုယ်မြဲချင်တဲ့ အလုပ်ကို ရေးရတယ်။ ဥပမာ ဘယ်စက်ရုံ ဘယ်အလုပ်ရုံမှာ ဘာအလုပ် တည်တန့်ခိုင်မြဲပါစေလို့ ရေးရတယ်။ ပြီးရင် အဲဒီ ကျောက်ပျဉ်ပေါ်မှာ ဖယောင်းတိုင် မနက်တစ်တိုင် ညတစ်တိုင် မီးထွန်းပြီး ဘုရားမီးပူဇော်ပြီး လေးလေးနက်နက် ဆုတောင်းရတယ်။ ဒါဆိုရင် အလုပ်နေရာ လုံးဝ အပြောင်းအလဲ မဖြစ်တော့ဘဲ ။ တည်တန့်ခိုင်မြဲနေတာပေါ့” ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။

ထိုအခါ မင်းသူက “ ဟာ ဆရာ့ ယတြာကလည်း လွယ်လိုက်တာ၊ တကယ်ပဲလား ဆရာရယ်”ဟု ကျွန်ုပ်အား ပြန်မေးလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က..

အဲဒီအတိုင်း လုပ်လို့ အလုပ်ကိစ္စ အဆင်ပြေသွားတဲ့ လူတွေရှိပါတယ်ကွ။ မင်း မယုံရင် ကိုယ်တိုင် သွားမေးလို့ ရပါတယ်”ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် မောင်မင်းသူက...

သက်သက် စကားအဖြစ်ပြောတာပါ ဆရာရယ်။ စိတ်မရှိပါနဲ့။ ဆရာ ပြောတဲ့ ယတြာနည်းကို ကျွန်တော့်မိတ်ဆွေကို တဆင့် ပြန်ပြောပြလိုက်ပါ့မယ်ဟု ဆိုကာ ကျွန်ုပ်၏ ကွန်ပြူတာ ဒက်စတော့ပေါ်က အောက်ဖော်ပြပါ မြင်ကွင်းကို ကြည့်ကာ တစ်ချက် ပြုံးလျှက် ပြန်သွားလေတော့သတည်း။

 

ဆရာ ဟိန်းတင့်ဇော်
http://www.heintinzaw.com

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account