(၁) ရင်ဖွင့်နည်း
ရင်ထဲမှာ ခံစားချက်တွေ ပြည့်သိပ်နေပြီး ဘာလုပ်ရမှန်းမသိတဲ့အခါ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ကိုရှာပြီး ရင်ဖွင့်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ အကြံပေးဆရာ ဒါမှမဟုတ် အတွေ့အကြုံများတဲ့ လူကြီးသူမတွေဆီမှာ ရင်တွင်းက ခံစားချက်၊ ဖိအားတွေကို ရင်ဖွင့်နိုင်ပါတယ်။
တစ်ခါတလေမှာ ကိုယ်တကယ်တွေ့ကြုံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက ထင်သလောက်မကြီးပါဘူး။ ကိုယ့်စိတ်ကဖြစ်ပေါ်နေတဲ့ စိုးရိမ်ကြောင့်ကျမှုတွေက ပြဿနာကို ကြီးသယောင်ထင်စေပါတယ်။ ဒီလို ကြောင့်ကျမှုကို ရင်ဖွင့်မယ်၊ ထွက်ပေါက်ပေးမယ်၊ တခြားလူရဲ့အကြံဉာဏ်ကို နားထောင်မယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းလို့ရတဲ့ နည်းလမ်းကို ရနိုင်ပြီး အလင်းရောင်ကို မြင်နိုင်ပါတယ်။
(၂) ချရေးနည်း
ရှုပ်ထွေးပြီး ရှောင်လွဲလို့လည်းမရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အဲဒီအခက်အခဲတွေကို ချရေးနိုင်ပါတယ်။ ပြီးတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း ချရေးကြည့်နိုင်ပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ အခက်အခဲကို ဖြေရှင်းနိုင်၊ မဖြေရှင်းနိုင်ဆိုတာထက် ဒီလိုထွက်ပေါက်ပေးနည်းက ရင်တွင်းခံစားနေရတဲ့ စိတ်ဖိအားတချို့ကို ဖြေရှင်းပေးကောင်း ပေးနိုင်ပါတယ်။