Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, January 16, 2012

ဘားကဲ့မ်ပ် မန္တလေး ၂၀၁၂



ဘားကဲ့မ်ပ် ဆိုတဲ့ဝေါဟာရ ပေါ်လာတာ ဆယ်စုနှစ်တစ်ခု မပြည့်သေးပါဘူး။ ပုံမှန်ကျင်းပရတဲ့ ထုံးတမ်းစဉ်လာ ညီလာခံတွေလို မဟုတ်တဲ့ ဆွေးနွေးပွဲ၊ မျှဝေပွဲ၊ ဖလှယ်ပွဲ၊ နှီးနှောပွဲ တစ်ခုသာ ဖြစ်ပါတယ်..ဒီနေ့ နည်းပညာခေတ်ကြီးထဲမှာ နေ့စဉ်နှင့်အမျှ နည်းပညာအသစ်အသစ်တွေ ပေါ်ထွက်လာနေပါတယ်..အဲဒီ ပေါ်လာသမျှ အသစ်တွေကို လူတိုင်း လက်လှမ်းမီဖို့ မလွယ်ပါဘူး။ နည်းပညာကို ရှာဖွေ စူးစမ်းတဲ့ လူကလည်း ဈာန်ဝင်ပြီး စူးစမ်းတယ်..ရသွားတဲ့ အခါမှာ မျှဝေချင်လာတယ်..လူတိုင်းကို အိမ်ခေါ်သင်ပေးဖို့ကလည်း မဖြစ်နိုင်။ ဒီတော့ နဲနဲစီ စုပြီး မျှဝေရရင်တော့ ကောင်းမှာပဲဆိုတဲ့ အကြံပေါ်လာတယ်..ဒီလိုနဲ့ပဲ ဘားကဲ့မ်ပ် ဆိုတာ ဖြစ်လာတာပါ..

        စ..စ ချင်းတုန်းက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်လ်တို မြို့လေးကနေ စခဲ့တာပါ..Tim O’Reilly ဆိုသူက သူ့အိမ်မှာပဲ သူငယ်ချင်းတွေ ဖိတ်ပြီး ပထမဆုံး Fo Camp ဆိုပြီး လုပ်ခဲ့ပါတယ်…ကွန်ပျူတာ ပရိုဂရမ်မာတွေ သုံးလေးရှိတဲ့ ဘန်းစကား foobar ဆိုတာကို သုံးထား တာပါ…နောက်တော့ Foo Camo ကနေ Bar Camp ဆိုပြီး ပြောင်းသုံး ခဲ့ပါတယ်..ပထမဆုံး ဘားကဲ့မ်ပ်ကို ၂၀၀၅ခုနှစ် သြဂုတ်လ ၁၉ရက်ကနေ ၂၁ရက်နေ့အထိ Socialtext ရုံးခန်းတွေမှာ ကျင်းပနိုင်ခဲ့ပါတယ်..ဒါကြောင့် ဆယ်စုနှစ်တစ်ခု မပြည့်သေးဘူးလို့ ပြောတာပါ…
        အဲဒီ ပထမဆုံး ဘားကဲ့မ်ပ်မှာ လူပေါင်း၂၀၀ တက်ခဲ့ပါတယ်.. ဆွေးနွေးဖလှယ်တဲ့ အကြောင်းတွေကတော့ web applicationတွေရဲ့ အစဦး ဆောင်ရွက်ချက်တွေအကြောင်း၊ ပြီးတော့ open source technologiesလို့ ဆိုတဲ့ လျှို့ဝှက်မဟုတ်တဲ့ နည်းပညာတွေအကြောင်း၊ social protocol တွေနဲ့ open data format တွေအကြောင်းတွေကိုပဲ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်..နောက်ပိုင်းမှာ အဲဒီdataတွေကို အခြေပြုပြီး အများသူငါ အသုံးပြုနိုင်တဲ့ public transit တွေနဲ့ ကျန်းမာရေး ကိစ္စတွေမှာပါ အသုံးပြုလာနိုင်ခဲ့ကြပါတယ်…
        အခုတော့ Bar Camp ဆိုတဲ့ အသုံးအနှုံးဟာ ကမ္ဘာသုံးစကား ဖြစ်သွားခဲ့ပါပြီ..ဘားကဲ့မ်ပ်တွေကို ကမ္ဘာ့နိုင်ငံအသီးသီးက နေရာအရပ်ရပ်မှာ ကျင်းပနေကြပါပြီ..အခုအချိန်အထိ စာရင်းရှိသလောက် ပြောရရင်.. ဘားကဲ့မ်ပ် ကျင်းပတဲ့ နိုင်ငံပေါင်း ၁၆၃နိုင်ငံ ရှိပြီး မြို့ပေါင်း ၃၅၀ကျော်မှာ ကျင်းပနေကြပါပြီ..
        ပထမဆုံးဘားကဲ့မ်ပ်ရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ၂၀၀၆ ခုနှစ် သြဂုတ်လ ၂၅ကနေ ၂၇ အထိ Bar Camp Earth ဆိုပြီး ကမ္ဘာ့နိုင်ငံ အတော်များများမှာ တစ်ပြိုင်တည်း လုပ်ခဲ့ကြပါတယ်..နောက်တစ်ခါ နှစ်နှစ်မြောက် နှစ်ပတ်လည်ကိုတော့ မူလ စတင်ခဲ့တဲ့ ပါလိုအယ်လ်တို မြို့မှာပဲ ၂၀၀၇ သြဂုတ်လ ၁၈ရက်နဲ့ ၁၉ရက်တွေမှာ ပြန်ပြီးကျင်းပတဲ့အခါ တက်ရောက်လာသူ ၈၀၀ကျော် ရှိခဲ့ပါတယ်..ဘားကဲ့မ်ပ် ကျင်းပတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလဲ ပါပါတယ်..ပထမဆုံး ၂၀၁၀ ဇန်န၀ါရီလမှာ ရန်ကုန်မှာ စလုပ်ခဲ့တဲ့ ဘားကဲ့မ်ပ်ကို တက်ရောက်သူ ၂၇၀၀ ရှိခဲ့လို့ ကမ္ဘာ့ တက်ရောက်သူ အများဆုံး စံချိန်ကို တင်နိုင်ခဲ့ပါတယ်..နောက်တစ်နှစ်..၂၀၁၁မှာ ဘားကဲ့မ်ပ်မန္တလေးကို မန္တလေးမြို့ ပုပ္ပါးဟိုတယ်မှာ ကျင်းပခဲ့ရာမှာ စာရင်းသွင်း တက်ရောက်သူပေါင်း ၃၀၀၀ကျော် ရှိခဲ့ပါတယ်..ဘားကဲ့မ်ပ်မန္တလေး ကျင်းပရာမှာ ကွန်ပြူတာ နည်းပညာတွေ၊ အိုင်တီနည်းပညာတွေအပြင် စီမံခန့်ခွဲရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးရာ၊ စိတ်ကိုအပမ်းဖြေအနားယူနည်း၊ ငှက်သဘင်၊ လောကနီတိ၊ ပညာရေး၊ သိကောင်းစရာ ဥပဒေပညာ၊ အသုံးချ အင်ဂျင်နီယာပညာ စတဲ့ ဘာသာရပ်ပေါင်းများစွာကို နယ်ပယ်စုံက ပညာရှင်များ လာရောက်ဆွေးနွေး ခဲ့ကြပါတယ်..၂၀၁၁မှာပဲ ဘားကဲ့မ်ပ်ရန်ကုန်ကို ဖေဖေါ်ဝါရီလထဲမှာ ကျင်းပတဲ့အခါ စုစုပေါင်းတက်ရောက်သူ ၄၇၀၀ကျော် ရှိခဲ့လို့ ကမ္ဘာ့တက်ရောက်သူ အများဆုံး ဘားကဲ့မ်ပ် ဖြစ်ခဲ့ပြန်ပါတယ်…
        ဘားကဲ့မ်ပ်ရဲ့ ထူးခြားချက်တွေက တော်တော်များပါတယ်.. လူကြီး လူငယ်မရွေး တက်ရောက်နိုင်ပါတယ်..ဘားကဲ့မ်ပ်တက်ဖို့ ဘာဖိတ်စာမှ မလိုဘူး..ဘယ်နေ့..ဘယ်မှာကျင်းပမယ်..ဆိုတာသိရင်ပြီးပါပြီ..ဘားကဲ့မ်ပ်တက်ဖို့ ဘာအခြေခံမှ သတ်မှတ်မထားဘူး…အားလုံးအတွက်..တံခါးဖွင့်ထားတဲ့ ပညာ စခန်းကြီးပါ..ပေးသူ ယူသူ မျှဝေသူ ဖလှယ်သူတွေ အများကြီး လာကြပါတယ်..လာကြလွန်းလို့ စည်းကမ်းတကျလေးဖြစ်အောင် စီစဉ်သူတွေက အချိန်လေး သတ်မှတ်ပေးထားတာပဲ ရှိပါတယ်..ဘားကဲ့မ်ပ်မှာ သြဇာပေးတာ.. ဆရာကြီးလုပ်တာ မရှိဘူး..သတ်မှတ်တဲ့ စည်းကမ်းကတော့ ဘားကဲ့မ်ပ် ရှိရာကိုလာ..ကျင်းပနေတဲ့ အခန်းတွေနဲ့..အဲဒီအခန်းတွေမှာ  ဘယ်အချိန်မှာ… ဘယ်သူတွေက ဘာအကြောင်းအရာတွေကို ဆွေးနွေးဖလှယ်ပါမယ်.. ဆိုတာတွေ ကို ကြေငြာထားတဲ့ သင်ပုန်းပေါ်မှာကြည့်.. ကိုယ်နားထောင်ချင်တဲ့ အကြောင်းအရာ ပါရင် ..ဒါမှမဟုတ် ၀င်ဆွေးနွေးချင်တဲ့ အကြောင်းအရာပါရင် သက်ဆိုင်ရာ အချိန်မှာ သက်ဆိုင်ရာ အခန်းကိုသွားရုံပါပဲ…ဘားကဲ့မ်ပ်မှာ ဆွေးနွေးပြောဆို မျှဝေကြတဲ့ အကြောင်းအရာတွေဟာ ဓမ္မဓိဌာန်တွေသာ ဖြစ်ပါတယ်.. ပုဂ္ဂလဓိဌာန် မပါပါဘူး..ဘယ်သူမှလည်း ကိုယ်ဘယ်လောက်တတ်ကြောင်း တော်ကြောင်း ကိုယ်ရည်သွေးပြီး ပြောမနေကြပါဘူး..ကိုယ်သိထားတဲ့ အသိကို မျှဝေတာသာ ဖြစ်ပါတယ်..
        ဘားကဲ့မ်ပ်ကို တနည်းအားဖြင့် unconference လို့လဲ အမည်တပ်ကြ ပါသေးတယ်..ကမ္ဘာ့ဘားကဲ့မ်ပ် တော်တော်များများဟာ အခမဲ့ ၀င်ခွင့်ရအောင် စီစဉ်ထားကြပါတယ်..တချို့ကလည်း နေရာငှားရတဲ့ ကုန်ကျစရိတ်အတွက် နဲနဲပါးပါး ယူလေ့ရှိပါတယ်..ကမ္ဘာ့ဘားကဲ့မ်ပ်တွေဟာ ညလုံးပေါက် ကျင်းပလေ့ရှိတာမို့ စာရေးသောက်ရေး အပေါ့အလေးစွန့်ရေး ဆိုတဲ့ကိစ္စတွေကိုလည်း စီစဉ် ပေးထား ရပါတယ်..ပြီးတော့ အင်တာနက်ကို WiFi စနစ်နဲ့ ဘားကဲ့မ်ပ် တက်ရောက် လာသူတိုင်း သုံးနိုင်အောင် လုပ်ပေးထားပါတယ်..
        ဒီနှစ်အတွက်..ဘားကဲ့မ်ပ်မန္တလေးကို ၇၇x၇၈ လမ်းကြား၊ဇောတိကလမ်း၊ ချမ်းအေးသာစံမြို့နယ်မှာ ရှိတဲ့ ရွှေဖြူပလာဇာ ပထမထပ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်..ဖေဖေါ်ဝါရီ ၄ရက်နဲ့ ၅ရက်နေ့များ ဖြစ်ပါတယ်…
        ထုံးစံအတိုင်းပါပဲ ဘားကဲ့မ်ပ်မန္တလေးမှာ ပြောကြ နားထောင်ကြ ဆွေးနွေးကြ ဖလှယ်ကြမယ့် ပညာရှင်တွေ မိတ်ဆွေတွေ အားလုံးလာကြမှာပါ..ဖိတ်စာမပါတဲ့ ဖိတ်ကြားချက်ပါ..အားလုံးလာနိုင်ပါတယ်..ဆွေးနွေးနိုင်ပါတယ်..မျှဝေနိုင်ပါတယ်..ဆက်ခံနိုင်ပါတယ်..ဘားကဲ့မ်ပ်ဆိုတာကို တစ်နေရာမှာ ဒီလို အဓိပ္ပါယ် ဖွင့်ထားတာ တွေ့ရပါတယ်..
        BarCamp is about participation not observation! လို့ဆိုပါတယ်.. သိပ်ကိုကောင်းတဲ့ ဖွင့်ဆိုချက်လေးပါ.. ဒါကြောင့် ဘာမှ အပိတ်အဆို့ အတားအဆီး မရှိတဲ့ ဘားကဲ့မ်ပ်မန္တလေး ပညာရပ်ဝန်းထဲကို လေ့လာရုံသက်သက် မဟုတ်ပဲ ပါဝင် ဆင်နွှဲကြပါစို့..။ 

                                                                                (ကောင်းလွန်း)  

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account