Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, March 25, 2013

Cupid and Psyche

Photo: Cupid and Psyche
______________

Psycheက (စိတ်ဝိညာဉ် သို့မဟုတ် လိပ်ပြာလို့အဓိပ္ပာယ်ရပါတယ်) ဘုရင်ရဲ့တတိယမြောက် သမီးတော်ဖြစ်တယ်။ သမီးတော်သုံးပါးစလုံး ပန်းလိုလှကြတယ်ဆိုပေမယ့် သမီးထွေး Psycheရဲ့အလှက ပိုသတင်းမွှေးခဲ့တယ်။ သူ့အလှကြောင့် လူတွေကသူ့ကို နတ်သမီးတစ်ပါးအလား ချစ်ခင်လေးစားခဲ့ကြတယ်။ တစ်ချို့က အလှနတ်သမီးလေး ဝင်စားထားသလားတောင် ထင်ခဲ့ကြတယ်။

Psyche ကြောင့် လူတွေဟာသူတို့အရင်ကကိုးကွယ်တဲ့ အလှနတ်သမီး Aphrodite (ရောမအခေါ် Venus)ဆီ သိပ်မရောက်ဖြစ်ကြတော့ဘူး။ လူသူအရောက်နည်းခဲ့လို့ Aphrodite ရဲ့နေရာက ဖုန်အလိတ်လိတ် တက်နေခဲ့တယ်။ ဒီ့အတွက် အလှနတ်သမီး Aphrodite ဒေါသထွက်ခဲ့တယ်။

ဒါကြောင့် Aphrodite ဟာ Psycheကို လာရောက်တောင်းရမ်းသူတွေကို အမျိုးမျိုးနှောင့်ယှက်တဲ့အပြင် ကမ္ဘာပေါ်ကရုပ်အဆိုးဆုံးသူနဲ့ Psycheရပါစေဆိုပြီးမြားနဲ့ပစ်ဖို့ သားတော် Eros (အချစ်နတ်သားမြားနတ်မောင် Cupid)ကို အမိန့်ပေးလိုက်တယ်။

မယ်တော်အမိန့်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Psycheရဲ့ကုတင်ရှေ့ မြားနတ်မောင်ရောက်သွားပြီး မြားနဲ့ပစ်ဖို့ ကြံရွယ်လိုက်တယ်။ ဒါပေမယ့် Psyche ရဲ့အလှက အချစ်နတ်သားမြားနတ်မောင်ကို မလှုပ်နိုင်အောင် ဖမ်းစားထားခဲ့တယ်။ စွဲမက်စရာကောင်းလှတဲ့ Psyche ရဲ့အလှမှာ မြားနတ်မောင် ခဏသာစီးမျောရင်း လက်ထဲကမြားဟာ မတော်တဆပြုတ်ကျပြီး ကိုယ့်လက်ကို ပြန်စူးခဲ့မိတယ်။ မြားစူးမိတာနဲ့ Psycheကို မြားနတ်မောင်ချစ်သွားမိပြီး မယ်တော်အလှနတ်သမီး Aphrodite ရဲ့အမိန့်ကို လွန်ဆန်လိုက်မိတယ်။

မယ်တော်အမိန့်ကိုလွန်ဆန်ခဲ့မိတဲ့ မြားနတ်မောင်က နေနတ်သားApolloဆီသွားပြီး အကူအညီတောင်းခဲ့တယ်။ အဲဒီအချိန်မှာပဲ Psycheရဲ့ ခမည်းတော်ဘုရင်ကြီးလည်း Psycheကို ယူမယ့်သူမရှိလို့ ဦးနှောက်ခြောက်ပြီး နေနတ်သားအပိုလိုဆီ အကြံဉာဏ်တောင်းဖို့ ရောက်လာခဲ့တယ်။ အပိုလိုက ဘုရင်ကြီးကို " ဒီကလေးမရဲ့ကြင်ယာတော်က လူနဲ့နတ်တောင် မတိုက်ခိုက်နိုင်တဲ့ မိစ္ဆာကောင်ကြီးဖြစ်တယ်။ အဲဒီ မိစ္ဆာကောင်က ဘုရင်ရဲ့သမီးတော်ကို တောင်ထိပ်မှာစောင့်နေပါတယ်" လို့ ပြောလိုက်တယ်။

တစ်ချိန်တည်းမှာပဲ မြားနတ်မောင်လည်း မြွေတစ်ကောင်အဖြစ်ဟန်ဆောင်ပြီး ဘုရင်ကြီးကို အိပ်မက်ပေးလိုက်တယ်။ အိပ်မက်ထဲမှာ သမီးတော် Psycheကိုခေါ်ပြီး အနောက်အရပ်က တောင်စောင်းမှာလာထားပါ။ မထားခဲ့ရင် ဘုရင်ကြီး ဆင်းရဲအောင်၊ ဒုက္ခအမျိုးမျိုးရောက်အောင် လုပ်မယ်လို့ ပြောလိုက်တယ်။

အကူအညီမဲ့ဖြစ်နေတဲ့ Psycheဟာ အားလုံးဒုက္ခမရောက်အောင် မြွေကြီးကိုလက်ထပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အစေအပါးတစ်ချို့က Psyche ကို တောင်စောင်းမှာ ထားခဲ့ကြတယ်။ မြွေကြီးအလာကို Psycheတစ်ယောက် ကြောက်ကြောက်ရွံ့ရွံ့နဲ့ စောင့်နေခဲ့တယ်။ ညအချိန်ရောက်မှ အနောက်အရပ်က လေညှင်းတစ်ချက် ငြင်သာစွာ တိုက်ခိုက်လိုက်တာနဲ့ တောအုပ်တစ်ခုထဲ သူရောက်သွားခဲ့တယ်။ ခမ်းနားထည်ဝါတဲ့ရဲတိုက်ကြီးတစ်ခုက တောအုပ်အလယ်မှာ ထီးထီးကြီး တည်နေတာကို သူတွေ့လိုက်တယ်။ ရဲတိုက်ထဲ Psyche ဝင်လိုက်ပြီး ဝင်းလက်သန့်ရှင်းနေတဲ့ ဧည့်ခန်းဆောင်မှာရပ်လိုက်တယ်။ ရဲတိုက်ထဲမှာ လူသူတိတ်ဆိတ်လို့... ဒါပေမယ့် နားနားကပ်ပြောသံကို သူကြားလိုက်မိတယ်။

"ကျွန်တော်တို့က သခင်ရဲ့ အစေအပါးတွေပါ။ သခင့်အမိန့်ကိုနာခံဖို့ အသင့်ပါ"

ဒီလိုနဲ့ ရဲတိုက်မှာ Psyche နေဖြစ်ခဲ့တယ်။ ရဲတိုက်ထဲမှာ သူကလွှဲလို့ လူတစ်ယောက်မှမရှိခဲ့ဘူး။ အစားအသောက်ကောင်းတွေ သုံးဆောင်ရင်း၊ မမြင်ရတဲ့ အခိုင်းအစေတွေကို ခိုင်းစေရင်း၊ နေ့ရက်တွေကို သက်တောင့်သက်သာ သူဖြတ်ကျော်ခဲ့တယ်။

တစ်လဆိုတဲ့အချိန်က တခဏပဲကုန်လွန်သွားခဲ့တယ်။ မြွေကြီးက သူဟာ အလွန်ရုပ်ဆိုးတဲ့အတွက် နေ့အချိန်မှာထွက်မလာဘဲ ညအချိန်မှသာ Psycheကို လာတွေ့နိုင်ကြောင်းပြောတယ်။ ဒါပေမယ့် ညသန်းခေါင် ၁၂ နာရီကျော်တာနဲ့ ဖယောင်းတိုင်မီးအားလုံးကို မှုတ်ငြိမ်းပေးပါ၊ ဒါမှ သူထွက်လာရဲမယ့်အကြောင်း Psyche ကို တောင်းဆိုတယ်။ တကယ်လို့ ဒီတောင်းဆိုချက်ကို လွန်ဆန်ခဲ့ရင် သူ့ကို Psyche တစ်သက်လုံး ဆုံးရှုံးရမယ့်အကြောင်း ပြောပြတယ်။

မြွေကြီးရဲ့ တောင်းဆိုချက်ကို Psyche သဘောတူခဲ့တယ်။ ကြင်ယာတော်ရဲ့ရုပ်ရည်ကို သိချင်၊ မြင်ချင်ခဲ့ပေမယ့် ပေးထားတဲ့ကတိကို Psyche မလွန်ဆန်ဝံ့ခဲ့ဘူး။ အချိန်နှစ်ဝက်အတွင်း ညအချိန်မှသာ မြွေကြီးနဲ့တွေ့ရတယ်ဆိုပေမယ့် Psyche ပျော်ရွှင်ခဲ့တယ်။ အရိုင်းအစိုင်း တိရစ္ဆာန်နဲ့မတူဘဲ အကြင်နာ၊ အယုယနဲ့ အပျော်တွေ သယ်လာပေးတတ်တဲ့ မြွေကြီးကို သူ မကြောက်ရွံ့ခဲ့တော့ဘူး။

အချိန်တစ်နှစ် ကုန်လွန်တဲ့အချိန် မိသားစုကို Psyche လွမ်းလာခဲ့ပြီး လွမ်းဆွတ်တဲ့အကြောင်း မြားနတ်မောင်ကို ပြောပြလိုက်တယ်။ မြားနတ်မောင်က သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးက Psyche ရဲ့ အစ်မတော်နှစ်ဦးကြောင့် ပျက်ရမယ်ဆိုတာကိုသိလို့ မတွေ့ဖို့ တားမြစ်ခဲ့တယ်။

ဒါပေမယ့် Psyche က အချိန်ကြာလေ ပိုလွမ်းလေမို့ နောက်ဆုံး အစ်မတော်တွေကို သူတို့နေရပ်လာဖို့ မြားနတ်မောင်ခွင့်ပြုလိုက်တယ်။

Psycheတို့ ညီအစ်မသုံးယောက်ဆုံတာနဲ့ လွမ်းဆွတ်ငိုကြွေးကြတယ်။ အစ်မတော်တွေက နေ့လဆက်တိုက် Psycheဆီ လာရောက်ခဲ့ကြပြီး မြွေကြီးကိုလက်ထပ်ခဲ့ပေမယ့် ဝတ်ကောင်းစားလှတွေနဲ့ Psyche ပျော်ရွှင်နေမှန်း တဖြေးဖြေး သိလာခဲ့ကြတယ်။ အဲဒီနောက် သူတို့ရင်ထဲက မလိုမီးတွေ ဟုန်းဟုန်းတောက်ခဲ့တော့တယ်။

အစ်မတော်တွေက အရင်လို သူတို့မိသားစု ပျော်ပျော်ရွှင်ရွှင်နေရအောင် မြွေကြီးကိုသတ်ပစ်ဖို့ Psycheကို ဓားတစ်လက်ပေးပြီး ခိုင်းစေခဲ့တယ်။ ဒါကို Psyche က ငြင်းခဲ့တယ်။ ဒါပေမယ့် အစ်မတော်တွေကမြွေကြီးရဲ့ ကြောက်စရာ ရုပ်သွင်ကိုမြင်ရင် Psycheသတ်မှာပဲဆိုပြီး Psycheကို မီးခွက်တစ်ခုပေးပြန်တယ်။

ကြင်ယာတော်အပေါ် ယုံကြည်မှုပျက်ပြားလာအောင် အစ်မတော်တွေက Psyche ကို သွေးထိုးစကား အမျိုးမျိုးပြောခဲ့တယ်။ နောက်ဆုံး သွေးထိုးဖြားယောင်း စကားတွေ Psyche နားဝင်ပြီး မြွေကြီးကိုကြည့်ဖို့ ခေါင်းညိတ်လိုက်တယ်။

ညရောက်တော့ မြွေကြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်သွားတဲ့အထိ Psyche စောင့်နေလိုက်တယ်။ မြွေကြီးအိပ်ပျော်သွားတာနဲ့ မီးခွက်နဲ့ဓားကိုကိုင်ပြီး မြွေကြီးနား သူ တဖြေးဖြေးချည်းကပ်သွားတယ်။ မီးရောင်အောက်မှာ မြွေကြီးအစား လှပချောမွတ်တဲ့လူငယ်တစ်ဦးကို မြင်တော့ ရုတ်တရက် သူ ထိတ်လန့်သွားမိတယ်။ ငွေရောင်ဆံနွယ်တွေနဲ့ ဖြူဆွတ်နေတဲ့ အသားအရည်ပိုင်ဆိုင်သူက မြွေကြီးတစ်ကောင် ဖြစ်နိုင်ပါ့မလား?

တဒင်္ဂ တခဏလောက် Psyche အသက်ရှုဖို့ သတိမရတော့သလို မြားနတ်မောင်ကိုပေးခဲ့တဲ့ကတိကိုလည်း မေ့သွားခဲ့တယ်။ အဲဒီအချိန်မှာ မီးခွက်က ဆီတစ်စက်ဟာ အိပ်မောကျနေတဲ့ မြားနတ်မောင်ပခုံးပေါ် မတော်တဆကျသွားခဲ့တယ်။ လန့်နိုးလာတဲ့ မြားနတ်မောင်က ကတိဖျက်တဲ့ Psycheကို တွေ့လိုက်တာနဲ့ ဝမ်းနည်းသွားမိတယ်။ 

မြားနတ်မောင်ဟာ အိပ်နေရာမှထထိုင်ပြီး "အင်း..... တုံးအလိုက်တဲ့ Psyche ရယ်။ ငါ့အချစ်ကို မင်းဒီလိုပဲ ပြန်တုန့်ပြန်ခဲ့သလား? ငါ့မှာတော့ ငါ့မိခင်ရဲ့အမိန့်ကိုလွန်ဆန်ပြီး မင်းကိုလက်ထပ်ခဲ့တယ်။ ငါ့ကို မိစ္ဆာကောင်လို့ထင်ပြီး ငါဦးခေါင်းကို ဖြတ်ချင်တာလား Psyche? မင်းကို ဒီလိုလုပ်ဖို့ အကြံပေးတဲ့ မင်းအစ်မတော်တွေဆီ မင်းပြန်ပါ! ငါ့ကို မင်းလုံးဝ မတွေ့စေရဘူး... မင်းကို ငါဒဏ်ခတ်လိုက်ပြီ Psyche! မယုံသင်္ကာကြားမှာ အချစ်က မရှင်သန်နိုင်ဘူး"

ယုံကြည်မှုမဲ့ခဲ့လို့ အချစ်(Cupid)ကို စိတ်ဝိညာဉ်(Psyche) ထဲ ထည့်မထားနိုင်တော့ဘူး။ ဒါကြောင့် အဝေးကို ထွက်သွားဖို့ မြားနတ်မောင်ရွေးခဲ့တယ်။

"O foolish Psyche, is it thus you repay my love? After having disobeyed my mother's commands and made you my wife, will you think me a monster and cut off my head? But go; return to your sisters, whose advice you seem to think preferable to mine. I inflict no other punishment on you than to leave you forever. Love cannot dwell with suspicion"

"Love cannot dwell with suspicion"
စိတ်ဝိညာဉ် (Psyche)မှာ မယုံသကာင်္ ရှိလာပြီဆိုရင် အချစ် (Cupid)က မရှင်သန်နိုင်တော့ဘူး။

စကားဆုံးတာနဲ့ လေရဲ့အလျင်လို မြားနတ်မောင် ထွက်သွားခဲ့တယ်။ ရဲတိုက်ကြီးလည်း ပျောက်ကွယ်သွားခဲ့တော့တယ်။

ပျောက်ကွယ်သွားတဲ့ ရဲတိုက်ကြမ်းပြင်မှာထိုင်ပြီး Psyche နောင်တရ ဝမ်းနည်းနေမိတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြားနတ်မောင်ကို တွေ့အောင်ရှာဖို့ သူဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့ Psyche တစ်ယောက် မအိပ်မနား ကြင်ယာတော် ရှာပုံတော်ဖွင့်ခဲ့တယ်။ တစ်နေ့မှာ ကောက်ပဲသီးနှံစောင့် နတ်သမီး Demeter (ရောမအခေါ် Ceres) ရှေ့ သူရောက်လာခဲ့တယ်။ နတ်သမီးကို အကျိုးအကြောင်းပြောပြီး အကူအညီပေးဖို့ သူတောင်းဆိုခဲ့တယ်။ နတ်သမီးက Psycheရဲ့အဖြစ်ကို ထပ်တူခံစားပြီး အလှနတ်သမီး Aphrodite (Venus) ဆီသွားဖို့ အကြံဉာဏ်ပေးလိုက်တယ်။

စိတ်ထိခိုက်ကြေကွဲနေတဲ့ မြားနတ်မောင်လည်း မိခင်အလှနတ်သမီး Aphroditeရှေ့ ရောက်လာခဲ့တယ်။ Psyche ကို သားဖြစ်သူ မြားနတ်မောင်ပါ ချစ်ခဲ့မိတဲ့အတွက် သူအရမ်းဒေါသထွက်ခဲ့တယ်။ ဒါကြောင့် Psycheလာရှာတဲ့အချိန် အလှနတ်သမီးက အညှိုးနဲ့ Psycheကို အခိုင်းအစေတစ်ယောက်လို ခိုင်းစေခဲ့တယ်။ ဒီအတွက် Psyche အမုန်းမပွါးခဲ့ပါဘူး။ အလှနတ်သမီးနဲ့ မြားနတ်မောင်တို့ရဲ့ ခွင့်လွှတ်ခြင်းကိုပဲ သူတောင့်တခဲ့တယ်။

Psycheကို အလှနတ်သမီး ပထမဆုံးခိုင်းစေတဲ့အလုပ်က စပါးကျီထဲမှာ ရောနှောနေတဲ့ ကောက်ပဲသီးနှံတွေကို တစ်ရက်အတွင်းပြီးအောင် အမျိုးအစားရွေးဖို့ဖြစ်တယ်။ တောင်လိုပုံနေတဲ့ သီးနှံတွေကို ကြည့်ပြီး Psyche အ,သွားခဲ့တယ်။ ဒီလောက်များတဲ့ သီးနှံတွေကို တစ်ရက်အတွင်း သူတစ်ယောက်တည်း ရွေးဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။

Psycheကြောင့် ကြေကွဲထိခိုက်နေခဲ့ရတယ်ဆိုပေမယ့် Psycheကို မြားနတ်မောင် မေ့မရခဲ့ဘူး။ ဒါကြောင့် ပုရွတ်ဆိတ်တွေကိုခေါ်ပြီး Psyche ကို ကောက်ပဲသီးနှံရွေးကူစေခဲ့တယ်။ ပုရွတ်ဆိတ်တွေရဲ့ အကူအညီကြောင့် မိုးမချုပ်ခင် သီးနှံတွေကိုပြီးအောင် Psycheရွေးနိုင်ခဲ့တယ်။ ခိုင်းတဲ့အလုပ်ပြီးခဲ့ပေမယ့် အလှနတ်သမီးက မကျေနပ်ခဲ့ဘူး။ Psyche ကို နောက်တစ်မျိုး ခိုင်းစေခဲ့ပြန်တယ်။

Psyche ကို ဒုတိယခိုင်းစေတဲ့အလုပ်က ရွှေရောင်သိုးမွေးတွေကို နုတ်ယူဖို့ဖြစ်တယ်။ ဒီလောက်များတဲ့ ပိုင်ရှင်မဲ့သိုးအုပ်ကြားထဲကနေ သူ့တစ်ယောက်တည်း သိုးမွေးကို နုတ်ယူဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ Psyche စိတ်ညစ်နေတုန်း တိရစ္ဆာန်စောင့်နတ် Pan က နားနားကပ်ပြီး ဒီသိုးတွေ ဆူးချုံနားမှာ မြက်သွားစားကြောင်း၊ ဆူးချုံမှာငြိနေတဲ့ သိုးမွေးတွေကို သွားရောက်ယူနိုင်ကြောင်း ပြောလိုက်တယ်။ Pan ရဲ့ ညွှန်ကြားမှုနဲ့ အလှနတ်သမီးလိုချင်တဲ့ သိုးမွေးတွေကို ခဏချင်းမှာ သူရခဲ့တယ်။

တစ်ချို့က ဒုတိယခိုင်းစေချက်မှာ အလှနတ်သမီးက နတ်ဗိမာန်နောက် ဂူထဲမှာရှိတဲ့ ရေကိုခပ်ဖို့ Psyche ကို ခိုင်ခန့်တဲ့ ကြိုးတစ်ချောင်း ကျစ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီရေက နတ်အပေါင်းကို လှပချောမွေ့စေတဲ့ ရေဖြစ်တယ်။ အမိန့်အတိုင်း ဂူနား Psyche ရောက်လာခဲ့ပေမယ့် ဘယ်အရာနဲ့ ကြိုးကျစ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ မြက်တွေကိုက်ချီထားတဲ့ ငှက်အုပ်တစ်အုပ် ပျံလာခဲ့တယ်။ ငှက်တွေဟာ Psyche အတွက် ခိုင်ခန့်တဲ့ ကြိုးတစ်ပင် အမြန်ကျစ်ပေးလိုက်တယ်။ ဒီလိုနဲ့ ရေကို သူခပ်နိုင်ခဲ့တယ်။

ခိုင်းစေသမျှကို Psyche ပြီးအောင် လုပ်ပေးခဲ့သည့်တိုင် အလှနတ်သမီး မကျေနပ်ခဲ့ဘဲ တတိယအလုပ်ကို ခိုင်းစေပြန်တယ်။ Psyche ကို ငရဲဆီသွားစေပြီး ငရဲမင်းကြီး Persephone ရဲ့ နုပျိုဆေးကိုယူဖို့ ခိုင်းခဲ့တယ်။ Psycheက ငရဲမင်းကို လာရင်းအကြောင်း ပြောပြတော့ ငရဲမင်းက Psycheကို ဘူးတစ်ဘူးပေးပြီး ဖွင့်မကြည့်ဖို့ အထပ်ထပ်မှာလိုက်တယ်။

ငရဲမင်းပေးတဲ့ဘူးကိုယူပြီး Psyche ပြန်ခဲ့တယ်။ အပြန်လမ်းမှာ ရင်ထဲက နောက်တစ်ကြိမ်ဖြစ်ပေါ်လာတဲ့ သိလိုစိတ်ကို Psyche တားမရခဲ့ပြန်ဘူး။ ဒါကြောင့် လမ်းတစ်ဝက်ရောက်တာနဲ့ ဘူးကို သူဖွင့်ကြည့်လိုက်မိတယ်။ ဘူးထဲထည့်ထားတဲ့ အအိပ်တစ္ဆေက Psycheကို ရုတ်တရက် လွှမ်းခြုံလိုက်တယ်။ ဒီလိုနဲ့ Psycheတစ်ယောက် မြေပြင်ပေါ်လဲကျပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။

Psyche ပြန်အလာကို မြားနတ်မောင် စိုးရိမ်တကြီးစောင့်နေခဲ့တယ်။ ဒါပေမယ့် ရက်တွေလွန်သွားတဲ့အထိ Psyche ရဲ့ သတင်းအစအနကို မရခဲ့ဘူး။ Psycheကို ကိုယ်တိုင်ထွက်ရှာဖို့ မြားနတ်မောင် ထွက်လာခဲ့တယ်။ လမ်းတစ်ဝက်မှာ အိပ်မောကျနေတဲ့ Psyche ကိုတွေ့တာနဲ့ အအိပ်တစ္ဆေကြောင့်ဆိုတာကို သူသိလိုက်တယ်။ အအိပ်တစ္ဆေကို ဗူးထဲပြန်ထည့်လိုက်မှ Psyche နိုးလာခဲ့တော့တယ်။

အဲဒီကိစ္စပြီးနောက် မြှားနတ်မောင်က Olympus တောင်တန်းဆီသွားပြီး Psycheနဲ့သူ လူ၊ နတ်နှောင့်ယှက်တဲ့ရန်ကကင်းဝေးပြီး ထာဝရပေါင်းဖက်နိုင်ဖို့ နတ်အပေါင်းတို့ရဲ့ ဘုရင် Zeus နတ်မင်းဆီ (ရောမအခေါ် Jupiter) အကူအညီ သွားတောင်းခဲ့တယ်။ သူတို့ရဲ့ အချစ်စစ်က Zeusနတ်မင်းကို ခံစားသက်ဝင် ကိုယ်ချင်းစာစေခဲ့တယ်။ ဒါကြောင့် Zeus နတ်မင်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းကို တစ်ခါလောက်ချိုးဖောက်ပြီး Psycheကို နတ်အသွင်ပြောင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးမှာ မြားနတ်မောင်နဲ့ Psyche ရာသက်ပန် ပေါင်းစပ်ခွင့်ရသွားခဲ့တယ်။

original post from: http://mizuya.pixnet.net/blog/post/13412420-%E3%80%90%E5%B8%8C%E8%87%98%E7%A5%9E%E8%A9%B1%E3%80%91%E9%82%B1%E6%AF%94%E7%89%B9%E8%88%87%E8%B3%BD%E5%A7%AC%E3%80%88cupid-and-psyche%E3%80%89

ဖတ်မိတဲ့ ဂရိရာဇာဝင်ပုံပြင်တစ်ပုဒ်ပါ။ ကြိုက်နှစ်သက်လို့ ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ(Thursday, April 23, 2009)
.

original post from: http://mizuya.pixnet.net/blog/post/13412420-【希臘神話】邱比特與賽姬〈cupid-and-psyche〉

ဖတ်မိတဲ့ ဂရိရာဇာဝင်ပုံပြင်တစ်ပုဒ်ပါ။ ကြိုက်နှစ်သက်လို့ ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ(Thursday, April 23, 2009)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account