Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, May 28, 2012

ဒဂုန် ခင်ခင်လေး (၁၉၀၄-၁၉၈၁)


ဒဂုန် ခင်ခင်လေး (၁၉၀၄-၁၉၈၁)

ဒဂုန် ခင်ခင်လေးသည် မန္တလေးမြို့ ဇာတိဖြစ်၍ ၁၂၆၅ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်) စနေနေ့တွင် ဖွားမြင်သူ ဖြစ်သည်။

ဖခင်မှာ ရဲအင်စပိတ်တော် ဦးမောင်မောင်ကျော် ခေါ် ဦးမြတ်ကျော် ဖြစ်၍၊ မိခင်မှာ ဝက်မစွတ် မြို့စားမင်း၏ သမီးလတ် ဒေါ်ခင်ခင်လတ် ဖြစ်သည်။ အဘိုးဖြစ်သူ ဝက်မစွတ် မြို့စားမင်းက မြေးဖြစ်သူကို ချစ်မြတ်နိုးသည့် အတွက် မိမိ အဘွားဖြစ်သူ၏ အမည်ကို ယူကာ 'ခင်လေးခင်' ဟု အမည် ပေးခဲ့သော်လည်း၊ ဒဂုန် ခင်ခင်လေးက အဘိုး၏ အဘွား အမည်ကို မိမိအမည် အဖြစ် သုံးလျှင် ရိုင်းရာကျသည်ဟု ယူဆကာ 'ခင်ခင်လေး' ဟု အမည် ပြောင်းလဲခဲ့သည်။ ပညာရေး
ဒဂုန် ခင်ခင်လေးသည် ကျောက်ပန်းတောင်မြို့ ခုနစ်တန်း မြန်မာစာသင်ကျောင်းတွင် လေးတန်း အထိ လည်းကောင်း၊ မကွေးမြို့ အင်္ဂလိပ် ခုနစ်တန်းကျောင်းတွင် ငါးတန်း အထိ လည်းကောင်း၊ ရွှေဘိုကျောင်းတွင် ခုနစ်တန်း အထိ လည်းကောင်း ပညာ ဆည်းပူးခဲ့သည်။၁၉၁၆ ခုနှစ်တွင် 'နွဲ့နွဲ့' ဟူသော ဝတ္ထုတိုကလေးကို စတင် ရေးသား ပေးပို့ရာ သူရိယ မဂ္ဂဇင်း ဝတ္ထုတိုပြိုင်ပွဲတွင် အကောင်းဆုံး ဝတ္ထုအဖြစ် ရွေးချယ်ခံရပြီး၊ ၁၉၁၇ ခုနှစ်ထုတ် သူရိယ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၆) တွင် ထည့်သွင်း ဖော်ပြခံရသည်။ ဆက်လက်၍ 'ရှင်မင်းညို'၊ 'ရဲလျှင်မင်းဖြစ်' ဝတ္ထုတိုများ ရေးသားသည်။ ၁၉၂၀ ပြည့်နှစ်မှ စ၍ ဒဂုန် မဂ္ဂဇင်းတွင် ဝတ္ထုများ၊ ဆောင်းပါးများ ရေးသားသည်။ 'ဒဂုန် ခင်ခင်လေး' ကလောင်အမည် ခံယူသည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေးမြို့၌ 'ကြည်တော်ဆက် ဝတ္ထု မဂ္ဂဇင်း' ကို တည်းဖြတ် ထုတ်ဝေခဲ့သည်။ ၁၅ ရက် တကြိမ် ထုတ်ဖြစ်၍ မြန်မာ အမျိုးသမီး စာရေးဆရာများ ဦးစီး ထုတ်ဝေသော မဂ္ဂဇင်းများတွင် အစောဆုံး ဖြစ်သည်။ တဖန် 'နေရှင်နယ် ဂျာနယ်' အမည်ဖြင့် ဂျာနယ် တစောင် ထုတ်ဝေရန်နှင့် တာဝန်ခံ အဖြစ် ဆောင်ရွက်ရန် စိုင်းပြင်း နေဆဲတွင် အခြေအနေကြောင့် မထုတ်ဖြစ်ဘဲ ရပ်ဆိုင်း လိုက်ရသည်။ဒဂုန် ခင်ခင်လေးသည် ဒဂုန် မဂ္ဂဇင်းတွင် ဝတ္ထုများ၊ ဆောင်းပါးများ ပုံမှန် ရေးသားသည်။ 'ကိုကိုလေး' ဟူသော ကလောင် အမည်ဖြင့် မှော်ဆရာ မှတ်တမ်း ဝတ္ထုများ ရေးသားသည့် အပြင် 'ရတနာပုံ ထိပ်တင်လှိုင်' ဟူသော ကလောင် အမည်ဖြင့် ဒဂုန် မဂ္ဂဇင်း ယုဝတီ စက္ခုကဏ္ဍတွင် အမျိုးသမီးရေးရာ ဆောင်းပါးများ၊ မြန်မာမှု ဆောင်းပါးများ ရေးသားသည်။
ထို့နောက် ၁၉၂၁ ခုနှစ်မှ စ၍ မြန်မာအဆွေ ရုပ်ရှင် ကုမ္ပဏီ အတွက် ရုပ်ရှင် ဇာတ်ညွှန်းများ ရေးသားသည်။ ဒဂုန် ခင်ခင်လေး ဟူသော အမည်သည်လည်း ပို၍ ထင်ရှား လာရသည်။ 'မြားနတ်မောင်'၊ 'ရည်းစား ဓားပြ (ရီစာဓမြ)' ရုပ်ရှင်တို့သည် ဒဂုန် ခင်ခင်လေး၏ ဇာတ်ညွှန်းများကို ရိုက်သည့် ထင်ရှားသော ရုပ်ရှင် ဇာတ်ကားများ ဖြစ်သည်။
ဒဂုန် ခင်ခင်လေး စာအုပ်တိုက်ကို တည်ထောင်၍ စာအုပ်များ ထုတ်ဝေသည်။ ပထမ အိမ်ထောင်နှင့် စိတ်သဘောချင်း မတိုက်ဆိုင်၍ ကွာရှင်းခဲ့သည်။ ထို့နောက် နဂါးနီ စာအုပ်တိုက် မန်နေဂျာ ဦးအုန်းခင်နှင့် လက်ထပ်သည်။၁၉၃၉ ခုနှစ်တွင် တိုငးပြုပြည်ပြု ပုံနှိပ်တိုက် တည်ထောင်ပြီး၊ ဝတ္ထုများ အဆက်မပြတ် ရေးသား ထုတ်ဝေခဲ့သည်။ ဒဂုန် ခင်ခင်လေးသည် စစ်ကာလ အတွင်းတွင် 'စစ်ရောင်ခြည်' ဝတ္ထုနှင့် 'ကမ္ဘာရန်သူ' ဝတ္ထုတို့ကို ရေးသား ထုတ်ဝေခဲ့သည်။ ဂျပန်ခေတ်တွင် အစိုးရက ထုတ်ဝေသော ဗမာ့ခေတ် သတင်းစာကို လက်ခံ ပုံနှိပ်ပေးရာမှ၊ စစ်ပြီးသော အခါ ဗမာ့ခေတ် သတင်းစာကို မိမိ၏ တိုင်းပြုပြည်ပြု ပုံနှိပ်တိုက်က ပခုံးပြောင်းယူပြီး ကိုယ်ပိုင် သတင်းစာ အဖြစ် ဆက်လက် ထုတ်ဝေသည်။
၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် 'ယုဝတီဂျာနယ်' ကို ဦးစီး ထုတ်ဝေခဲ့သည်။ ဗမာ့ခေတ် သတင်းစာတွင်လည်း ယုဝတီဂျာနယ် ကဏ္ဍ ဖွင့်လှစ်ကာ အမျိုးသမီး ကလောင်ရှင်များကို 'ယုဝတီ ကလောင်ရှင်' ဘွဲ့၊ 'ယုဝတီ' ဘွဲ့များ ပေးအပ် ချီးမြှင့် မြေတောင် မြှောက်ပေးခဲ့သည်။ အမျိုးသမီး ကလောင်ရှင် အဖွဲ့ကို တည်ထောင်၍ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့် အပြင် စာရေးဆရာ အသင်း၏ အမှုဆောင် အဖြစ်လည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ယုဝတီ သတင်းစာကို ဦးစီး ထုတ်ဝေခဲ့သည်။ ကမ္ဘာလှည့် ခရီးကိုလည်း သွားရောက်ခဲ့သည်။
ဒဂုန် ခင်ခင်လေးသည် ဝတ္ထုရှည် သုံးဆယ်ကျော်၊ ဝတ္ထုတို ငါးဆယ်ကျော်၊ ပြည်တွင်း ပြည်ပ ခရီးသွား ဆောင်းပါးများနှင့် အထွေထွေ ဆောင်းပါး အမြောက်အမြား ရေးခဲ့သည်။ ရွှေစွန်ညို၊ သား ရွှေစွန်ညို၊ စာဆိုတော်၊ တသက်လျာ၊ ဂုဏ်မြင့်သူ၊ ဂုဏ်နိမ့်သူ၊ မြိုင်ယံဘွား၊ ကျွန်းညိုညို၊ စစ်ရောင်ခြည်၊ ကမ္ဘာ့ရန်သူ စသည့် ဝတ္ထုများ ထင်ရှားသည်။ အထူးသဖြင့် နယ်ချဲ့ ဆန့်ကျင်ရေး ဝတ္ထုတပုဒ် ဖြစ်သော ရွှေစွန်ညို ဝတ္ထု (၁၉၃၃)နှင့် သီပေါမင်း လက်ထက် နန်းတွင်းသရုပ်ကို နောက်ခံပြု ရေးဖွဲ့သော စာဆိုတော် ဝတ္ထု (၁၉၅၁) တို့ ထင်ရှားသည်။ ရွှေစွန်ညိုကို မူလက ရွှေစွန်ညို၊ သားရွှေစွန်ညိုဟု နှစ်တွဲခွဲ၍ ထုတ်ခဲ့ပြီး၊ မူလက ရွှေစွန်ညို ဇာတ်လမ်းကို ရည်းစားဓားပြ (ရီးစားဓမြ) ဟူသော အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးခဲ့သည်။ ပထမအကြိမ် ရိုက်ကူးစဉ်က သီပေါမင်း ပါတော်မူခန်း ထည့်သွင်း ရိုက်ကူးသည်ကို ဗြိတိသျှ အစိုးရက ခွင့်မပြုခဲ့ဟု သိရသည်။ ထိုဇာတ်ကားကို စစ်ပြီးခေတ်တွင် ဒုတိယအကြိမ် ရိုက်ကူး ပြသခဲ့သည်။ ရွှေစွန်ညိုနှင့် သားရွှေစွန်ညိုကို ရည်းစားဓားပြ (ရီးစားဓမြ) အမည်ဖြင့်ပင် စာအုပ် ထုတ်ဝေခဲ့သေးသည်။ စာဆိုတော် ဝတ္ထုမှာမူ မူလက ဒဂုန်မဂ္ဂဇင်းတွင် ဝတ္ထုတိုများ သဖွယ် အခန်းဆက် ရေးခဲ့ပြီး အဆုံးမသတ်ခဲ့သည်ကို အဆုံးသတ်၍ သုံးတွဲခွဲ ထုတ်ဝေသော ဝတ္ထုရှည်ကြီး ဖြစ်သည်။ ဒဂုန် ခင်ခင်လေး၏ ဝတ္ထုအများမှာ မှီငြမ်းပြု ဝတ္ထုများ ဖြစ်သည်။ ပါးလ်ဘတ် (Pearl S.Buck) ၏ Good Earth ဝတ္ထုကိုလည်း 'မြေပဒေသာ' အမည်ဖြင့် မြန်မာဘာသာ ပြန်ခဲ့သည်။
'နှစ်ပေါင်းခြောက်ဆယ်' ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနှင့် 'ကမ္ဘာ့လှည့် ဆောင်းပါးပေါင်းချုပ်'၊ 'ကျွန်းဦးတည့်သံလျက်ခုံ' ဟူသော ခရီးသွား ဆောင်းပါး စာအုပ်များ၊ ဝတ္ထုတို ညွန့်ပေါင်း စာအုပ်များလည်း ထုတ်ဝေခဲ့သည်။
ဘ၀နိဂုံး
ဒဂုန် ခင်ခင်လေးသည် ၁၃၄၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် (၁၉၈၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်) အင်္ဂါနေ့တွင် ကွယ်လွန် အနိစ္စ ရောက်သည်။
ထင်ရှားသော စာအုပ်အချို့

စာဆိုတော် ၀တ္ထုကြီး(၃)တွဲ
ရွှေစွန်ညို
သားရွှေစွန်ညို
နှစ်ပေါင်းခြောက်ဆယ်(ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ)
ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ်
ကျွန်းဦးတည့် သံလျက်ခုံ( ခရီးသွားဆောင်းပါးများ)
မြေပဒေသာ (ဘာသာပြန်)
မြိုင်ယံဘွား
ဂုဏ်မြင့်သူ
ဂုဏ်နိမ့်သူ
ကျွန်းညိုညို
စစ်ရောင်ခြည်
ကမ္ဘာ့ရန်သူ
ဝတ္ထုတိုညွန့်ပေါင်းများ
မှော်ဆရာမှတ်တမ်းများ( ကိုကိုလေး-အမည်ဖြင့်)
ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ကိုးကား
↑ မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ�္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ သြဂုတ်၊ ၂၀၀၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ'

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account